မေ၊ ၁၈
ညွန့်ပေါင်း အစိုးရသစ် လက်တွေ့ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးဖို့အတွက် ထိုင်း အတိုက်အခံ နိုင်ငံရေး ပါတီတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မေလ ၁၄ ရက် အောက်လွှတ်တော် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ် အစိုးရနဲ့ စစ်တပ် လိုလားတဲ့ ပါတီတွေအပေါ် အတိုက်အခံ အင်အားစုတွေက ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်အမတ် နေရာ အများဆုံး ရွေးကောက် ခံခဲ့ရတဲ့ မုဗ်ဖော်ဝပ် (MFP) ပါတီဟာ အစိုးရ ဖွဲ့နိုင်ဖို့ဆိုရင် ဒုတိယ မဲအများဆုံးရတဲ့ ဖျူထိုင်း (PTP) အပါအဝင် တခြား အတိုက်အခံ အင်အားစုတွေနဲ့ စုပေါင်းဖို့ လိုအပ်နေပါတယ်။
မေလ ၁၇ ရက်မှာတော့ MFPရဲ့ အကြီးအကဲ ပစီတာ လင်ဂျာရွန်ရတ်ဟာ တခြား အတိုက်အခံ အင်အားစု ၅ ခုက အကြီးအကဲတွေနဲ့ ဘန်ကောက်မြို့က စားသောက်ဆိုင် တခုမှာ တွေ့ဆုံခဲ့ကြပါတယ်။ ပါတီ ၆ ခုရဲ့ အကြီးအကဲတွေဟာ အတူတွဲပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ကြတဲ့နောက် တံခါးပိတ် ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။
အသက် ၄၂ နှစ်အရွယ် ပီတာဟာ ထိုင်းနိုင်ငံရေးကို ဆယ်စုနှစ် ၂ ခုကျော်ကြာ အားကောင်းကောင်းနဲ့ လွှမ်းမိုးထားခဲ့တဲ့ PTPကို မဟာမိတ်အဖြစ် သိမ်းသွင်းဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ MFPက အမတ်နေရာ ၁၅၂ ခု၊ PTPက ၁၄၁ ခု အနိုင်ရခဲ့ပြီး တခြား ပါတီငယ်တွေကိုပါ စုစည်းနိုင်ခဲ့မယ်ဆိုရင် အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲက ၃၀၀ ကျော်ထိ ပိုင်ဆိုင်လာမှာပါ။ ဒါပေမဲ့ ထိုင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာ စစ်တပ်က တိုက်ရိုက်ရွေးချယ် ခန့်ထားတဲ့ အထက်လွှတ်တော် အမတ် ၂၅၀ ကပါ ဝန်ကြီးချုပ် နေရာအတွက် မဲပေးခွင့် ရှိတာကြောင့် လွှတ်တော် နှစ်ရပ်ပေါင်း ထောက်ခံမဲ ၃၇၆ ခုထက်မနည်း ရတဲ့ ပုဂ္ဂိုလ်သာ ဝန်ကြီးချုပ် ရာထူးကို ဆက်ခံနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် MFP အနေနဲ့ အထက်လွှတ်တော် အမတ်တွေထဲက တချို့ကိုပါ သိမ်းသွင်းဖို့ ကြိုးစားရမယ့် အလားအလာ ရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ လက်တွေ့ကျတဲ့ ပြဿနာ တခုကတော့ MFPဟာ ပြုပြင်ပြောင်းလဲရေး ဝါဒစွဲ ပါတီဖြစ်ပြီး အထက်လွှတ်တော် အမတ်အများစုက ကွန်ဆာဗေးတစ်တွေ ဖြစ်နေကြတာပါ။ အခုဆိုရင် အထက်လွှတ်တော် အမတ်တချို့က MFPရဲ့ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ အဓိက ခေါင်းစဉ်တခု ဖြစ်ခဲ့တဲ့ ဘုရင်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေကို ဝေဖန်နေကြပါပြီ။
အထက်လွှတ်တော် အမတ်တယောက်ဖြစ်တဲ့ ဂျာဒက်အစ္စဝမ်က သူဟာ ပီတာ ဝန်ကြီးချုပ် ဖြစ်လာမှာကို မလိုလားကြောင်း အတိအလင်း ထုတ်ပြောခဲ့ပါတယ်။
PTPရဲ့ အရာရှိ တဦးကတော့ အလယ်အလတ် အင်အားရှိတဲ့ ကွန်ဆာဗေးတစ် ပါတီတွေဖြစ်တဲ့ ဘွမ်ဂျိုင်ထိုင်းနဲ့ သည်ဒီမိုကရက်စ်တို့ကို ပီတာအတွက် ထောက်ခံ မဲပေးကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အတိုက်အခံတွေက ပြတ်ပြတ်သားသား အသာစီး ရခဲ့တယ် ဆိုပေမယ့် ထိုင်းစစ်တပ်ရဲ့ ကျောထောက်နောက်ခံ ရှိနေတဲ့ အာဏာရ ပါတီတွေကလည်း အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ အားကို အသုံးချပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ အပတ်တကုတ် အားထုတ်လာဖွယ် ရှိနေပါတယ်။