မြောက်ကိုရီးယား ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်မယ့် အစီအမံတွေ ကင်ဂျုံအန်း စစ်ဆေး

မေ၊ ၁၇

နိုင်ငံပိုင် ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တု လက်တွေ့ မလွှတ်တင်ခင်မှာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်းက စစ်ဆေး ကြည့်ရှုခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြသွားပါတယ်။ 

ကင်ဟာ မေလ ၁၆ ရက်မှာ ဂြိုဟ်တု လွှတ်တင်မှု ပြင်ဆင်ရေး ယာယီ ကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့နောက် ပြည်တွင်းဖြစ် ပထမဆုံး သူလျှိုဂြိုဟ်တု လွှတ်တင်ရေးကို စီစဉ်ထားတဲ့အတိုင်း ရှေ့ဆက်ဖို့ ညွှန်ကြားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ တလလောက်က ကင်ဟာ နိုင်ငံပိုင် ပထမဆုံး ထောက်လှမ်းရေး ဂြိုဟ်တု တည်ဆောက်မှု လုပ်ငန်းတွေကို သွားရောက် စစ်ဆေးခဲ့ပြီး သိပ်မကြာခင် လွှတ်တင်နိုင်မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားသား ဂြိုဟ်တု လွှတ်တင်ခဲ့မယ်ဆိုရင် ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ ရောက်နေနိုင်ပေမယ့် ကင်ကတော့ ရန်သူ့ လှုပ်ရှားမှုတွေကို တန်ပြန် ထောက်လှမ်းမယ့် ဂြိုဟ်တုတွေ လွှတ်တင်ခြင်းဟာ နိုင်ငံတိုင်းရဲ့ အခြေခံ ရပိုင်ခွင့်လို့ ပြောကြားထားပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒုံးကျည်၊ ဒုံးပျံ လွှတ်တင်မှုတွေနဲ့ အာကာသဆိုင်ရာ နည်းပညာပိုင်းတွေမှာ ထင်သာမြင်သာ တိုးတက်မှုတွေ ရှိလာနေကြောင်း နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့နောက် ကင်ဟာ မြောက်ကိုရီးယားက လွှတ်တင်မယ့် ထောက်လှမ်းရေးဂြိုဟ်တု အမှတ် ၁ ကိုလည်း မျက်မြင် သွားရောက် စစ်ဆေးခဲ့တယ်လို့ KCNAက ဆိုပါတယ်။ 

ကင်က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူ့နိုင်ငံအပေါ် ရန်လိုမှုတွေ လွန်လွန်ကဲကဲ ပြသနေပြီး အဲဒီအတွက် မြောက်ကိုရီးယားကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

၂၀၂၁ ခုနှစ်မှာ ကင်က မြောက်ကိုရီးယားရဲ့ မဟာဗျူဟာ ကာကွယ်ရေး ရည်မှန်းချက် အသစ်တွေကို ထုတ်ပြန်ခဲ့ရာမှာ ကိုယ်ပိုင် ထောက်လှမ်းရေး ဂြိုဟ်တုတွေ လွှတ်တင်နိုင်ရေးလည်း ပါဝင်ခဲ့ပါတယ်။

 

Ref: CNA