မိုခါမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ သေဆုံးသူလေးရာကျော်၊ ပျောက်ဆုံးသူတွေလည်းရှိနေတယ်လို့ NUG ပြော

မေ၊ ၁၆
 
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွင်း ဒီကနေ့အထိ ရရှိထားတဲ့စာရင်းတွေအရ တိုင်းနဲ့ပြည်နယ်ခုနစ်ခုမှာ သေဆုံးသူ စုစုပေါင်း (၄၃၅)ဦးရှိပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
 
ဆက်သွယ်ရေးပြတ်တောက်နေတဲ့ ဒေသတွေက အပျက်အစီးစာရင်းတွေ ဆက်လက်ကောက်ယူနေဆဲဖြစ်လို့ သေဆုံးသူစာရင်း ထပ်တိုးလာနိုင်သေးတယ်လို့လည်း ဖော်ပြထားပါတယ်။
 
မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် လူသေဆုံးထိခိုက်မှုနည်းပါးတယ်လို့ စစ်ကောင်စီဘက်က ပြောထားပေမယ့် စစ်တွေမြို့ခံတွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားနေသူတွေကတော့ စစ်တွေတမြို့နယ်တည်းမှာတင် ရိုဟင်ဂျာဒုက္ခသည် လေးရာဝန်းကျင်သေဆုံးခဲ့တယ်လို့ ဆိုထားတာပါ။
 
မုန်တိုင်းစတင်ဝင်ရောက်ရာ ရခိုင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်တို့ဟာ ထိခိုက်ဆုံးရှုံးမှုအများဆုံး ဒေသတွေဖြစ်ပြီး မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ လက်ရှိအထိ မည်သည့်နိုင်ငံတကာ အဖွဲ့အစည်းတွေကမှ ကူညီထောက်ပံ့မှုတွေပေးနေတာ မရှိသေးဘူးလို့ NUG က ပြောပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေဟာ ဆုံးရှုံးမှုအများဆုံးဖြစ်ကာ အဲ့ဒီမြို့နယ်တွေအပါအဝင် ရခိုင်ပြည်နယ်က (၁၁)မြို့နယ်မှာ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG ထုတ်ပြန်ချက်က ဆိုပါတယ်။
 
လက်ရှိမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အိမ်ခြေငါးသိန်းစာအတွက် မိုးကာစတွေနဲ့ လေဘေးသင့်ပြည်သူ တသန်းလောက်အတွက် အစားအစာနဲ့ သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
 
ရခိုင့်တပ်တော် AA ကလည်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူတွေအတွက် ခိုလှုံစရာနေရာ၊ စားစရာနဲ့ ဆေးဝါး စတဲ့အရေးပေါ်အကူအညီတွေကို အာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အမြန်ဆုံးကူညီပေးကြဖို့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
 
NUG ကတော့ မိုခါမုန်တိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာတသန်း မတည်ထားတယ်လို့ ကြေညာထားပြီး လက်ရှိမှာ ရခိုင်ပြည်နယ်အတွက် ကျပ်သိန်း (၁၃၀)၊ စစ်ကိုင်းတိုင်းအတွက် ကျပ်သိန်း (၂၅၀)ကျော်၊ မကွေးတိုင်းအတွက် ကျပ်သိန်း (၂၅၀)နီးပါး၊ ချင်းပြည်နယ် အတွက်ကျပ်သိန်း (၁၈၀)ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားက မုန်တိုင်းသင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအတွက် ကျပ် (၇၆)သိန်း ခွဲဝေပံ့ပိုးထား တယ်လို့ ဆိုပါတယ်။
 
မုန်တိုင်းကာလအတွင်း စစ်ကိုင်းတိုင်းက ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ပုလဲ၊ ကနီ စတဲ့မြို့နယ်ငါးခုက စိုက်ပျိုးမြေ ဧက ၃၂၀၀၀ ကျော်နဲ့ မကွေးတိုင်း ပေါက်၊ ဆောမြို့နယ်တွေက စိုက်ပျိုးမြေ (၁၆၇)ဧကကျော် ရေလွှမ်းခံရကာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းက ပျက်စီးဆုံးရှုံးမှုစာရင်းတွေကိုတော့ ကောက်ယူနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီကတော့ ရခိုင်ပြည်နယ်က (၁၇)မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် ကြေညာထားပြီး မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက လူနေအိမ် (၅၈၈)လုံး၊ သာသနိကအဆောက်အအုံ သုံးလုံး၊ ဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်း၊ စာသင်ကျောင်း (၂၅)ကျောင်း၊ ဆေးရုံ/ဆေးခန်းကိုးခုတို့အပါအဝင် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် စုစုပေါင်းအလှူငွေ ကျပ်သိန်းပေါင်း (၁၃၁၈၁၀)ကျော်ရရှိထားပြီး ရခိုင်ပြည်နယ်အတွက် ကျပ်သိန်းပေါင်း (၇၀၀၀၀)ခွဲဝေပေး ထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ 
ဓာတ်ပုံ – Tin Nyein Oo / Facebook
ပုံစာ – မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုမြင်ကွင်းတချို့။​