မုန်တိုင်းမိုးကြောင့် ဒီပဲယင်းနဲ့ခင်ဦးက ပဲစိုက်ဧက နှစ်ထောင်ကျော် ပျက်ဆီး

မေ၊ ၁၆
 
စစ်ကိုင်းတိုင်းအတွင်းက (ဒေသအခေါ်) ရာသီသီးနှံတွေ စိုက်ပျိုးလေ့ရှိတဲ့ ဒီပဲယင်း၊ ခင်ဦးမြို့နယ်ထဲက ပဲတီစိမ်းစိုက်ခင်းဧကပေါင်း နှစ်ထောင်ကျော်လောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးများခဲ့တဲ့အတွက် ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
” အခုက သီးပွင့်ထွက်ချိန်လေဗျ။ ပဲဈေးလေးလည်း ကောင်းနေတော့ ပျော်လို့တောင် မဆုံးသေးဘူး အခုလိုဖြစ်တာပဲလေ။ ပဲရောင်းပြီးရင် (မီးရှို့ခံထားရတဲ့) အိမ်ပြန်ဆောက်မယ်တွေးထားတာလေ။ နောက်နှစ်ရက်လောက်နေရင်ကို ပဲကခူးလို့ရတော့မှာကိုဗျာ။ မိုးရွာချတော့ အကုန်ပျက်တာပေါ့။ ရေဝင်တာနဲ့ အခင်းက အမြစ်တွေခြောက်ပြီး အပင်က သေသွားတာဗျ။ ဘာမှာကိုပြန်မရလိုက်ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီဒေသက ကျေးရွာတွေမှာ ယခုလိုအချိန်မျိုးမှာ မိုးစပါးမစိုက်ခင် အကြိုကာလအနေနဲ့ ရာသီပေါ် သီးနှံဖြစ်တဲ့ ပဲအမျိုးမျိုးနဲ့ နှမ်းကို စိုက်ပျိုးကြတာပါ။ ဒါပေမယ့် သီနှံဆွတ်ခူးရမယ့် အချိန်ကျမှ မိုးရွာသွန်းမှုများခဲ့လို့ စိုက်ခင်းတွေထဲရေဝင်ကာ အပင်တွေပျက်ဆီးခဲ့ရတယ်လို့ ဒီပဲယင်းဒေသခံတဦးက ပြောပါတယ်။
 
မိုခါကြောင့် ဒီပဲယင်းမြို့နယ်ထဲက မူးကန်ကြီး၊ ဝဲကြီး၊ လက်ယက်ကုန်း၊ ဆူးတက်၊ ငါန်းမြှာစတဲ့ကျေးရွာ ခုနှစ်ရွာလောက်က စိုက်ခင်းဧက တထောင်လောက် ပျက်ဆီးသွားတာလို့ S&G မီးဘေး ၊ စစ်ရှောင်၊ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။
 
ပဲတီစိမ်းတဧကကို ကုန်ကျစရိတ်အားဖြင့် ကျပ် ၁၀ သိန်းဝန်ကျင်ခန့်ရှိပြီး တဧကမှာတင်း ၄၀ ကျော်လောက်ထွက်တဲ့အတွက် လက်ရှိပဲတစ်တင်းကို ကျပ် ၇ သောင်းကျော်လောက်နဲ့ တွက်ရင် တစ်ဧကကို ကျပ်သိန်း ၃၀ နီးပါးဆုံးရှုံးခဲ့တာလို့ သူကဆိုပါတယ်။
 
” ပဲက ပထမအကြိမ်ကောက်ရတော့မှာပါ။ ပထမတသီး ကောက်လိုက်ရရင်ကို အရင်းကြေတယ်။ သူက သုံးသီးကောက်ရတာပါ။ ခုနှစ်ရက်ကြာ သုံးခါကောက်ရတယ်။ မှည့်တာနဲ့ ကောက်ရတယ်။ ပဲက စိမ်းထွက်နေတာရှိတယ် အပေါ်ကလည်း မဲခြောက်သွားတာတွေကို ခူးရမှာပေါ့နော်။ ခူးပြီးရင် ပဲပြန်ခြွေရမှာပေါ့ အရှေ့က ခြွေနေတုန်းကို အနောက်ကအသီးက သူဘာသာမဲလိုက်လာတာ အဲလိုသုံးကြိမ်ကောက်လိုက်ရင် တင်း ၄၀ လောက်ရတယ် ” လို့ သူကပြောပါတယ်။
 
အလားတူပဲ ခင်ဦးမြို့နယ်ထဲက တချို့ရွာတွေမှာလည်း မုန်တိုင်ကြောင့် ပဲခင်းနဲ့ နှမ်းခင်းတွေ စိုက်ခင်းဧကပေါင်း ၁၀၀၀ လောက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
အဲဒီနယ်မှာရှိတဲ့ မူးတိမ်ချောင်းဟာ မိုးရွာသွန်းမှုကြောင့် ရေလျှံတက်ခဲ့ပြီး အနီးအနားက စိုက်ခင်းတွေထဲကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီနယ်တွေမှာ နွေစပါးသိမ်းချိန်နဲ့ မိုးစပါးစမစိုက်ခင် ကြားကာလမှာ သက်တမ်းတိုတဲ့ ပဲ၊ နှမ်းတွေကို စိုက်ပျိုးလေ့ရှိတယ်လို့ ဆိုပါတယ်။
 
” ဘာမှာကို မခူးလိုက်ရတာတော်။ ဟောမိုးက ရွာချတယ် ချောင်းရေက လျှံတယ်တော်။ ပဲခင်းတွေလည်း အကုန်မြုပ်ကုန်တာပဲ။ စစ်တပ်က မီးရှို့လို့ စပါးတွေကုန်ပြီး အခုကျတော့ မိုးရွာလို့ ပဲတွေကုန်ပြန်ပြီ။ အဲတော့ စပါးတောင် ဘယ်လိုစိုက်ရမလဲမသိတော့ဘူး ” လို့ ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး