မုန်တိုင်းကြောင့် စစ်တွေက ရိုဟင်ဂျာစခန်းတွေမှာနေထိုင်သူ လေးရာဝန်းကျင် သေဆုံးနိုင်တယ်လို့ဆို

မေ၊ ၁၆
 
စစ်တွေမြို့နယ်ကနေ စတင်ကာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့နယ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူလေးရာဝန်းကျင်လောက် သေဆုံးခဲ့သလို ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ မြေပြင်မှာ စာရင်းကောက်ယူနေတဲ့ မွတ်စလင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
 
“ ရေတက်နေတဲ့အချိန် မုန်တိုင်းဝင်နေတဲ့အချိန်မှာ ထွက်ပြေးတာ၊ အဲ့ချိန်မှာ အဓိက သေတာဖြစ်ပါတယ် ” လို့ သူကပြောပါတယ်။
 
လက်ရှိအထိ မြေပြင်စာရင်းကောက်ယူမှုတွေအရ စစ်တွေမြို့အစွန်ပိုင်းက စံပြရွာ၊ ဗေဒါရွာ၊ ဒါပိုင်ရွာ စတဲ့ရွာတွေအနီးက ရိုဟင်ဂျာစခန်းတွေမှာ နေထိုင်သူတွေ ရေစီးနဲ့မျောပါသေဆုံးတာ၊ ပျောက်ဆုံးတာတွေ ရှိနေပြီး စာရင်းဆက်လက်ကောက်ယူနေဆဲလို့ ဆိုပါတယ်။
 
“ မိသားစုနဲ့ကွဲပြီး ရေထဲပါသွားတာလည်း အများကြီးပါ၊ မြေပြင်က ရရှိထားတဲ့ အချက်အလက်က လေးရာကျော်လောက်ရှိနေပါပြီ၊ စံပြရွာနားမှာ စခန်းတခုရယ်၊ သုံးရွာရှိတယ်၊ အဲ့မှာက ရှစ်ယောက်နှစ်ခါရယ်၊ နောက် ရေထဲပါသွားတာက ၃၀ လောက်ရှိတယ်၊ အဲမှာ ၄၀ ၊ ၅၀ လောက်ရှိပါတယ်၊ နောက်ပြီး ဗေဒါဆိုတဲ့ ရွာဘက်မှာ တရာလောက်ရှိတယ်၊ နောက် ဒါပိုင်ဆိုတဲ့ ရွာဘက် အနောက်ဘက်မှာ ၂၀၀ နီးပါးလောက်ရှိတယ် ” လို့ မွတ်စလင်ကူညီ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။
 
သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အများဆုံးပါဝင်ပြီး မုန်တိုင်းဝင်ရောက်နေချိန်အတွင်း ဘေးလွတ်ရာကို ထွက်ပြေးရာက အခုလိုသေဆုံးမှုတွေရှိလာတာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။ လက်ရှိမှာလည်း ဒုက္ခသည်စခန်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတချို့ သက်ဆိုင်ရာစခန်းတွေကို ပြန်လည်ရောက်ရှိလာတာ ရှိနေပေမယ့် အများစုက အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ မိုခါမုန်တိုင်းနဲ့ပတ်သက်လို့ ကြိုတင်သတိပေးကာကွယ်မှုတွေ လုပ်နိုင်ခဲ့တာကြောင့် လူသေဆုံးထိခိုက်မှု နည်းပါးခဲ့တယ်လို့ ဆိုထားတာပါ။ ဒုက္ခသည်စခန်းတွေထဲ နေထိုင်တဲ့ ရိုဟင်ဂျာတွေ ရာနဲ့ချီသေဆုံးတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်အထိ တစုံတရာထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။
 
ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကတော့ အဲ့ဒီလိုအခြေအနေနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်း ငြင်းဆိုပေမယ့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် သေဆုံးသူစာရင်း အသေးစိတ်ကိုတော့ ဖြေကြားခြင်းမရှိသေးဘူးလို့ BBC မြန်မာပိုင်းက ဖော်ပြထားပါတယ်။
 
စစ်တွေအခြေစိုက် လူမှုကူညီရေးအဖွဲ့တွေကတော့ လက်ရှိအချိန်အထိ စာရင်းတွေအရ စစ်တွေမြို့မှာ မုန်တိုင်းကြောင့်သေဆုံးသူ ခြောက်ဦးရှိပြီး ရခိုင်ပြည်နယ်အနေနဲ့ သေဆုံးသူ အနည်းဆုံး ဆယ်ဦးကျော်ရှိနိုင်ကြောင်းနဲ့ စာရင်းအတိအကျတော့မသိရသေးဘူးလို့ ပြောကြပါတယ်။
 
“ ရခိုင်တပြည်နယ်လုံးမှာဆိုရင် ဆယ်ဦးကျော်လို့တော့ ပြောကြတယ်၊ ရမ်းဗြဲကနေ စပါတယ်ပေါ့နော်၊ အဲမှာက အုန်းပင်ပိပြီး သေတာပေါ့နော်၊ လောလောဆယ်ဆယ် စစ်တွေက ခြောက်ယောက်ရှိနေတာပေါ့နော်၊ စစ်တွေမှာ အများဆုံးလို့ ပြောလို့ရတာပေါ့၊ ဒီခြောက်ယောက်က အလောင်းတွေ ပြန်ရတယ်၊ အလောင်းပြန်မရတော့လောက်အောင် သေတာမရှိပါဘူး၊ မွတ်ဆလင်ဒုက္ခသည်စခန်းဘက်ကလည်း (သေဆုံးသူ)ရှိတယ်လို့ သိထားရတယ်၊ အဲဒီ့ဘက်က ဆက်သွယ်ရေးအခက်အခဲကြောင့် မသိနိုင်သေးဘူး ” လို့ စစ်တွေ လူမူကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်း စုစုပေါင်း နှစ်ဆယ်ကျော်အထိရှိကာ စစ်တွေမြို့မှာတော့ ရိုဟင်ဂျာစခန်း (၁၄)ခုရှိပြီး လူဦးရေ တသိန်းကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ နေထိုင်သူတချို့ကတော့ မုန်တိုင်းကို ကြိုတင်ကာကွယ်ဖို့ အခက်အခဲတွေရှိနေကြတယ်လို့ မုန်တိုင်းမဝင်ရောက်မီက DNA ကို ပြောထားပါတယ်။
 
ရိုဟင်ဂျာအရေး ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်တဲ့ ရိုနေဆန်းလွင်ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမှာ ရိုဟင်ဂျာ ထိခိုက်သေဆုံးမှုအရေအတွက် တိတိကျကျကို အတည်ပြုပေးဖို့ အဆင်မပြေသေးဘဲ ရရှိထားတဲ့အချက်အလက်ရတော့ ရာဂဏန်းလောက် ရှိနိုင်တယ်လို့ DNA ကို ပြောပါတယ်။ 
ဓာတ်ပုံ – Social Media
ပုံစာ – မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာစခန်းတခု