မြောက်ယမားဆည်လက်တံကျိုးလို့ ကျေးရွာနှစ်ဆယ်ခန့်က ဒေသခံတွေ ညတွင်းချင်းပြောင်းရွှေ့ခဲ့ရ

မေ၊ ၁၅
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ပုလဲနယ်အစပ်က မနေ့ညမြောက်ယမား ဆည်လက်တံကျိုးလို့ ကျေးရွာနှစ်ဆယ်ခန့်က ဒေသခံတွေ ညတွင်းချင်းပြောင်းရွှေ့နေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
“ မနေ့က ညပိုင်းက ဆည်လက်တံကျိုးတာ မုန်တိုင်းကြောင့်၊ မိုးက ၁၃ ရက်နေ့ကတည်းက ရွာတာ မိုးကြီးတော့ ဆည်လက်တံကျိုးရာကနေ တံတားကကျိုးတာ “ လို့ ဒေသခံတဦးက ပြောပါတယ်။
 
ယင်းမာပင်မြို့နယ်ထဲက ပြန်လှည့်၊ သီးကုန်း၊ လက်ပံတော၊ ရှမ်းရွာ၊ သဲတောကြီး၊ ရွှေပန်းခိုင်၊လက်လှုပ်၊ ရေကြည်ပင်နဲ့ ကျေးစာကျရွာ စတဲ့ရွာ၂၀ လောက်ကတော့ ညတွင်းချင်းပြေးကြတယ်လို့ ယင်းမာပင်မြို့က ဒေသခံကပြောပေမယ့် အရေအတွက်မသိရဘူးလို့ ဒေသခံတွေကပြောပါတယ်။
 
“ အဲ့ဒီရေလှောင်တမံမှာ လက်တံခွဲ ၃ ခွဲရှိတယ်။ မြောက်ဘက်ကို ခွဲတာက တခု အဲ့တာက၊ ယင်းမာပင်ဘက်ခြမ်း ပုလဲဘက်ကို ခွဲတာက၂ ခုရှိတယ်ဗျ။ ပုလဲဘက်ခွဲတဲ့၂ ခုထဲမှာ မုံသွင်ရွာနဲ့ ချင်ပြစ်ရွာကြား ဒေသအခေါ် လှိုင်းချောင်းတံတားပေါ်က ဆည်လက်တံကျိုးတော့ တံတားကျိုးကျသွားလို့ ဆည်ထဲကရေတွေက မြောက်ယမားထဲစီးသွားလို့ ရေကြီးမှု ဖြစ်တာလို့ “ ဒေသခံတဦးက ပြောပါတယ်။
 
အဆိုပါစစ်ဘေးရှောင်တွေဟာ စစ်ဘေးသာမက သဘာဝဘေးပါ ကြုံနေရတဲ့အတွက် စားရေးသောက်ရေးခက်ခဲနေတယ်လို့လည်း ဆိုကြပါတယ်။
 
“ မိုးကရွာတော့ ထမင်းက ချက်လို့မရဘူး အဲ့ဒီတော့ မုန့်ပဲစားနေရတယ်၊ ကျုပ်တို့က ထမင်းစားနေကျဆိုတော့ မုန့်နဲ့တော့ ပြန်ဆာတာပေါ့၊ သွားရေးလာရေးကလည်း ခက်ခဲနေတယ်၊ ဖျားတဲ့သူလည်း ဖျားကုန်ကြပြီ “ လို့ မုန်တိုင်းသင့် စစ်ဘေးရှောင်တဦးက ပြောပါတယ်။
 
လတ်တလော ကျေးရွာတွေထဲမှာတော့ နေအိမ်တွေကို ရေဝင်နေပြီလို့ ဒေသခံတွေကပြောသလို ဆည်လက်တံကျိုးတဲ့အခြေအနေမှာ ရေတွေ ဒီထက်ပိုတက်လာနိုင်တယ်လို့ ယင်းမာပင်မြို့က ဒေသခံတွေက ပြောပါတယ်။
 
“ ဆည်လက်တံကျိုးတော့ စိုက်ခင်းထဲကို ရေတွေဝင်ပြီး ပျက်စီးတာလောက်ပဲရှိတာ။ အရမ်းကြီးစိုးရိမ်စရာတော့ မရှိသေးဘူး။ ကျွန်တော်တို့ရွာက ဆည်ရင်းမှာ၊ ဆည်ကျိုးရင် ကျွန်တော်တို့ရွာက ရေမြုပ်မှာ၊ ဆည်ကျိုးတောင် ရေက ခါးလည်လောက်ထိပဲတတ်မှာဆိုတော့ ကျွန်တော်တို့ကတော့ မပြေးဘူး။ ယင်းမာပင်ဘက်ကသူတွေကတော့ ပြေးကြတယ် “ လို့ ပုလဲမြို့ကဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media