မုန်တိုင်းကြောင့် စစ်တွေမြို့ တော်တော်များများပျက်စီးခဲ့၊ အမျိုးသမီးတဦးသေဆုံး

မေ၊ ၁၅
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို မနေ့ မေလ ၁၄ ရက်နေ့က အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ” ဖြတ်ကျော်ဝင်ရောက်မှုကြောင့် မြို့နယ်တခုလုံးနီးပါးမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
 
“ ပျက်စီးမှုက အများကြီးပဲ၊ စစ်တွေဆို အားလုံးလို့ ပြောရတယ်၊ အခုက အမိုးတွေ၊ အိမ်တွေ၊ အဆောက်အဦတွေ၊ လမ်းတွေရောပဲ၊ တချို့အိမ်တွေဆို ဘာမှရစရာမရှိတော့ဘူး။ နေရာတော်တော်များများကို ထိသွားတယ်၊ မုန်တိုင်းက အရမ်းကြမ်းတယ်လို့ ပြောရတာပေါ့ ” လို့ စစ်တွေဒေသခံတဦးက ပြောပါတယ်။
 
မုန်တိုင်းတိုက်ခတ်နေတုန်း မုန်တိုင်းရှောင်တွေနေထိုင်တဲ့ အဓိဌာန်ကျောင်းရဲ့ အဆောက်အအုံပျက်စီးပြီး မှန်တွေကွဲရာကနေ အမျိုးသမီးတဦး ဗိုက်ထိမှန်သေဆုံးတယ်လို့ BBC မြန်မာပိုင်းက ဒီကနေ့မှာ ဖော်ပြထားတာလည်း ရှိပါတယ်။
 
မုန်တိုင်းကြောင့် လူအသေအပျောက် ရှိနိုင်ပေမယ့် လက်ရှိအခြေအနေအရ အသေးစိတ်မသိနိုင်သေးဘူးလို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
 
မနေ့က မုန်တိုင်းအရှိန်ကြောင့် ရခိုင်၊ ဧရာဝတီ၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်က လူငါးဦးဟာ သစ်ပင်ပိတာ၊ မြေထိန်းနံရံပြိုတာ စတာတွေကြောင့် သေဆုံးတာတွေရှိခဲ့ပေမယ့် နောက်ထပ်သေဆုံးမှုသတင်းတွေ မသိရသေးပါဘူး။
 
အလွန့်အလွန် အားကောင်းတဲ့ ဆိုက်ကလုန်းမုန်တိုင်း မိုချာဟာ မေလ ၁၄ ရက် နံနက်ပိုင်းစတင်ကာ စူပါဆိုက်ကလုန်း အဆင့်လွန် အဆင့်အဖြစ်နဲ့ မုန်တိုင်းဗဟိုလေတိုက်နှုန်း တနာရီကို ၁၅၀ မိုင် အထက်နဲ့ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်း စစ်တွေမြို့နယ်ဘက်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး နံနက် ၁၁ နာရီကနေ ညနေ ၄ နာရီအချိန်အတွင်းမှာ အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဒီကနေ့ မနက်ပိုင်းမှာတော့ အဲဒီဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ”ဟာ စစ်တွေ မြို့ဘက်မှာ အားလျော့သွားပေမယ့် မြို့ရဲ့နေရာအနှံ့အပြားမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေသလို တချို့နေရာတွေမှာ ရေတွေတင်ကျန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
“ အခုက ဘာမှ မဖြစ်တော့သလို ပုံမှန်လို ပြန်ဖြစ်သွားပါပြီး။ အဲဒီပျက်စီးသွားတဲ့ အိမ်တွေ အဆောက်အဦတွေကို လိုက်ရှင်းဖို့ကိုပဲ လုပ်နေကြတယ်။ မလွယ်ဘူး၊ အများကြီးဟာ၊ ပြည်သူတွေ အရမ်းကို ဒုက္ခရောက်ကုန်ပြီပေါ့။ တချို့တွေဆို ပျောက်ဆုံးနေတဲ့သူတွေ ရှိတယ်လို့ သိထားရတယ်၊ တခြားရွာဘက်မှာဆိုလည်း သေတဲ့သူတွေလည်း ရှိတယ်လို့ ကြားထားရတယ်၊ ကျွန်တော်တို့လည်း အဲလောက်ထိ မဟုတ်တော့ သေချာမသိဘူး၊ ကိုယ့်ဟာကို ရှင်းလင်းနေရတာဆိုတော့လေ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
ဒါ့အပြင် ဒေသခံအများစုက နေရပ်ကိုပြန်ဖို့ ပြင်ဆင်နေကြသူများ ရှိသလို တချို့ကတော့ ယာယီမုန်တိုင်းရှောင်စခန်းတွေမှာ နေထိုင်နေကြပြီး သူတို့အားလုံးအတွက် အစားအသောက်နဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလည်း လိုအပ်လျက်ရှိတယ်လို့ စစ်တွေမြို့ခံက ဆက်ပြောပါတယ်။
 
လက်ရှိမှာတော့ နယ်မြေခံလူမူကူညီရေးအသင်းအဖွဲ့တွေ၊ ဒေသခံတွေနဲ့ စစ်ကောင်စီဌာနဆိုင်ရာတွေ ပူးပေါင်းပြီး စစ်တွေမြို့နယ်အတွင်းက ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့တဲ့ နေရာတွေကို လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီကတော့ ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ” ဖြတ်သန်းတိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
 
လက်ရှိ ဆိုင်ကလုန်းမုန်တိုင်း “ မိုခါ ”ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဆက်လက်ရွေ့လျားနေပြီး မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို အညိုရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ စစ်ကောင်စီမိုးဇလက ဒီကနေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဒီလို မုန်တိုင်းရွေ့လျားရာလမ်းတလျှောက်က ဒေသတွေမှာ မိုးကြီးတာ၊ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာတွေနဲ့အတူ မြေပြိုတာတွေ ဖြစ်နိုင်တဲ့အတွက် သတိထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ 
ဓာတ်ပုံ – Thu Ra Aung, Youn Mi Mi / Facebook