ပုဂံမှာ မိုခါကြောင့် ဘုရားတချို့ကအုတ်နံရံတွေ ပြိုကျ

မေ၊ ၁၅

မန္တလေးတိုင်းထဲက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့အရှိန်ကြောင့် မိုးရွာသွန်းပြီး လေပြင်းတိုက်တာကြောင့် နာမည်ကျော် ဘုရားတချို့က အုတ်နံရံတွေ ပြိုကျပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မနေ့က မေ ၁၄ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှေးဟောင်းအဆောက်အအုံတွေ ထိခိုက်ပျက်ဆီးခဲ့တာပါ။
 
” မနေ့က မိုးကအတော်များတယ်။ တချို့ဘုရားတွေဆို ရေဝင်တာတွေလည်း ရှိတယ်။ ဒီကနေ့မနက် သိရသလောက်တော့ ထီလိုမင်းလိုဘုရား အရှေ့ဖက်က အုတ်နံရံတွေ ပြိုကျတယ်။ အဲဘုရားက အာဏာမသိမ်းခင်တုန်းက မအလ ( မင်းအောင်လှိုင်) ထီးတင်သွားတဲ့ဘုရားပါ။ တချို့ဘုရားတွေလည်း ပျက်ဆီးတာတွေရှိသေးတယ် ” လို့ ပုဂံဒေသခံ တဦးကပြောပါတယ်။
 
မိုခါကြောင့် ထီးလိုမင်းလိုဘုရား အရှေ့မုဒ်အဝင် မြောက်ဘက်တံတိုင်း ချင်းမိတ် တိုး အလျား (၈)ပေ၊ အနံ (၂)ပေခန့်၊ ပြိုကျပျက်စီးခဲ့သလို သဗ္ဗေညုဘုရား တောင်ဘက်အုတ်တံတိုင်း အလျား (၁၃)ပေ၊ အမြင့် (၃)ပေ၊ ထု (၁)ပေနှင့် (၄) လက်မခန့် ပဲ့ကျခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
 
ဒါ့အပြင် ဓမ္မရာဇကဘုရား အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံ အလျား (၁၅)ပေ၊ အကျယ် (၂.၅)ပေ၊ အမြင့် (၈)ပေခန့်အုတ်များ ပဲ့ကျခဲ့ပြီး ပုထိုးသားများဘုရား အရှေ့ဆင်ဝင်မျက်နှာစာ အလျား (၁၅)ပေ၊ ထု (၃)ပေခန့် အုတ်တစ်လွှာ ပဲ့ကျခဲ့တယ်လို့ ဆိုပါတယ်။
 
အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရားကြီး၊ အနော်ရထာမင်းကြီး နန်းတော်ရာအဆောင် (B) အပါအဝင် ဘုရားတချို့မှာ ရေဝင်နစ်မြုပ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
 
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့နယ်မှာတော့ ဒီလ ၁၃ ရက်နေ့က မိုးများခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း အမြင့်ဆုံးမိုးရေချိန်စံချိန်သစ် တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
 
ရှေးဟောင်းဘုရားစေတီတွေနဲ့ အဆောက်အအုံတွေရှိရာ ညောင်ဦးမြို့နယ်မှာ ဒီလ ၁၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ၆ ဒဿမ ၃၄ လက်မအထိ မိုးရေချိန်စံချိန်သစ် တင်ခဲ့တာပါ။
 
အဲဒီမိုးရေချိန်က ညောင်ဦးမြို့နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်က စံချိန်သစ်ဖြစ်ခဲ့တဲ့ ၄ ဒဿမ ၇၆ လက်မကို စံချိန်ချိုးနိုင်ခဲ့သလို မိုးရေချိန်စံချိန်သစ်အဖြစ် နှစ်ပေါင်း (၅၈)နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
ရှေးဟောင်းဘုရားစေတီပေါင်း ထောင်နဲ့ချီရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO က သတ်မှတ်ခဲ့ပါတယ်။
 
ပုဂံဒေသမှာ ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရှေးဟောင်းဘုရားစေတီပုထိုးပေါင်း ၃၈၉ ဆူပျက်စီးခဲ့သလို ၂၀၂၁ ခုနှစ်က မိုးရွာသွန်းတာကြောင့် ဘုရားစေတီအချို့ ထိခိုက်ပျက်စီးတာလည်း ရှိခဲ့ပါတယ်သေးတယ်။
 
” ငလျင်ပြီးနောက်ပိုင်း သဘာဝဘေးကြောင့် ပျက်ဆီးတာ ဒါပထမဆုံးပဲ ” လို့ ပုဂံဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – CJ