ဘရိုက်တန်ကို စိတ်ပျက်စရာ ရှုံးနိမ့်ခဲ့မှုအပြီး အာဆင်နယ် ပရိသတ်တွေကို အာတီတာ တောင်းပန်

မေ၊ ၁၅

ဖလားလက်မဲ့ ရာသီနဲ့ ကြုံရဖို့ သေချာလုနီးပါး ဖြစ်သွားစေတဲ့ ရှုံးပွဲအပြီး အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပရိသတ်တွေကို တောင်းပန်စကား ပြောခဲ့ပါတယ်။

အာဆင်နယ်ဟာ အခုဘောလုံးရာသီ တလျှောက်လုံးမှာ ထူးထူးခြားခြား စွမ်းဆောင်ရည် တည်ငြိမ်ခဲ့ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အမှတ်ပေး ဇယားကို ကာလရှည်ကြာ ဦးဆောင်ခဲ့ပေမယ့်လည်း နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေချော်ခဲ့တာကြောင့် အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို ချန်ပီယံ မန်ချက်စတာ စီးတီးဆီ ပြန်လွှဲပေးခဲ့ရပါတယ်။

မေ ၁၄ ရက်ညက ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားရတဲ့တိုင် ဘရိုက်တန်ကို ၃-၀ နဲ့ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် စီးတီးဟာ နောက်ဆုံးလက်ကျန် ၃ ပွဲမှာ ၁ ပွဲနိုင်ရင် ချန်ပီယံဆုကို ကာကွယ်ဖို့ သေချာသွားမှာဖြစ်ပြီး အာဆင်နယ်ကတော့ ဖလားလက်မဲ့ ရာသီကို ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

ပရိသတ်တွေက အကြီးအကျယ် မျှော်လင့်နေချိန်မှာ သူတို့ကို စိတ်ပျက်သွားစေခဲ့တယ် ခံစားချက်က နာကျင်စရာကောင်းကြောင်း၊ ပရိသတ်တွေကိုလည်း သူ့အနေနဲ့ တောင်းပန်ချင်ကြောင်း၊ အသင်းဟာ ဒုတိယ နေရာတော့ သေချာနေပြီ ဖြစ်ပေမယ့် အခုပွဲလို ရလဒ်မျိုးအတွက် နောက်ထပ် ရက်တော်တော် ကြာတဲ့ထိ မခံချိ မခံသာ ဖြစ်နေရမှာ သေချာကြောင်း စပိန်သား မန်နေဂျာ အာတီတာက ပြောပါတယ်။

သူ့အလုပ်၊ သူ့တာဝန်က ကစားသမား တဦးချင်းဆီကနေ အကောင်းဆုံး အရည်အသွေးတွေကို ညှစ်ထုတ်ယူနိုင်ဖို့ဖြစ်ပြီး အခုပွဲမှာ သူတာဝန် မကျေခဲ့ဘူးလို့ ပြောနိုင်ကြောင်း၊ အသင်းအနေနဲ့ လွန်ခဲ့တဲ့ ၁၀ လအတွင်း ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တယ် ဆိုပေမယ့် ပရိသတ်ရဲ့ ပြင်းပြတဲ့ မျှော်လင့်ချက်နဲ့ တောင်းဆိုမှုတွေကို ပိုင်ပိုင်နိုင်နိုင် တာဝန်ယူ တုံ့ပြန်နိုင်ဖို့လည်း လိုအပ်ကြောင်း သူက ဆိုပါတယ်။

သူက အာဆင်နယ်ရဲ့ တိုးတက်မှုဟာ အခုရာသီ တခုတည်းအတွက် ကောက်ရိုးမီး မဟုတ်စေရဘူးလို့လည်း အာမခံခဲ့ပြီး လာမယ့်ရာသီတွေမှာလည်း အာဆင်နယ်ဟာ ချန်ပီယံဆုကို စိန်ခေါ်သူအဖြစ် ဆက်ရှိနေစေရမယ်လို့လည်း ကတိပြုသွားပါတယ်။

အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဒ်ကတော့ သူဟာ ဘာမျှော်လင့်ချက်မှ မရှိတော့သလို စိတ်ပျက် အားလျော့သွားမိခဲ့ကြောင်း၊ လက်ရှိ အခြေအနေမျိုးမှာ စီးတီးကလည်း အမှားခံတော့မယ်လို့ မထင်ကြောင်း၊ ရိုးရိုးသားသား ပြောရရင် သူရော အသင်းဖော်တွေ အတွက်ပါ ခက်ခဲလွန်းပြီး အကြီးအကျယ် နာကျင်နေကြကြောင်း၊ အခုအချိန်မှာ မေးခွန်းတွေကို မဖြေချင်ပေမယ့် အရှိတရားကို လက်ခံရမယ် ဆိုတာကိုတော့ သူနားလည်ကြောင်း၊ အမှားတွေကနေ သင်ယူပြီး ပိုတိုးတက် ကောင်းမွန်လာအောင် ပြန်တည်ဆောက်သွားမယ်လို့ ပြောလိုကြောင်း သတင်းထောက်တွေကို မှတ်ချက်ပေးသွားပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၂၀၀၄ ခုနှစ်က နောက်ဆုံးအကြိမ် ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

 

Ref: Goal