မေ၊ ၁၄
မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်းနဲ့ကျောက်ထုနယ်မှာ ယောချောင်းရေကြီးတာကြောင့် စစ်ရှောင်တွေရဲ့ ရိက္ခာဆန်အိတ်တွေမျောပါပြီး ယောချောင်းကိုဖြတ်ကူးတဲ့ကျောက်ထုနယ် လက်ပန်းရွာတံတားလည်းကျိုးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” မိုးကရွာတာနှစ်ရက်ရှိပြီ။ ဒီလောက်မိုးဦးရွာတာတသက်မကြုံဖူးဘူး။ ယောချောင်းက ကမ်းလုံးပြည့်။ ချောင်းဘေးမှာနေတဲ့သူတွေရဲ့ရိက္ခာတွေမျောကြတယ်။ တချို့ကလည်း စစ်ကြောင်းကြောက်လို့ဖွက်ထားတဲ့ရိက္ခာတွေ ချောင်းနားနီးတော့ ရေနစ်ကုန်တယ်။ ဘာမလုပ်နိုင်ဘူး” လို့ ကျောက်ထုဒေသခံတဦးကပြောပါတယ်။
ယခုအချိန်မှာ ဆော၊ကျောက်ထု၊ ထီးလင်းမှာလေပြင်းတွေစတင်တိုက်ခတ်နေပြီးမိုးရွာသွန်းမူကြောင့် ယောချောင်းအပါအဝင် ယောဒေသက တောင်ကျချောင်းတွေအားလုံး ရေတွေကမ်းလုံးပြည့်လာနေတယ်လို့သိရပါတယ်။
” စိုက်ခင်းတွေလဲ မြေတွေပို့ကုန်သလို ချောက်ရေတွေကြောင့် စစ်ဘေးရှောင်တွေရဲ့ အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေ ဆန်အိတ်တွေ ဝက်တွေကအစ မျောပါကုန်တယ်” လို့ ဒေသတွင်းသတင်းတွေတင်ဆက်နေတဲ့ ယောအလင်းတန်းကဖော်ပြထားပါတယ်။
ယောဒေသက မြစ်သာမြစ်ရဲ့ချောင်းလက်တက်တွေရေအပြည့်လာနေတာကြောင့် မြစ်သာမြစ်ရေဟာလည်း ကြွတက်လာပြီဖြစ်တယ်လို့ယောဒေသ ဂန့်ဂေါမြို့နယ် ဒေသခံတဦးကပြောပါတယ်။
” မြစ်ရေကကြွတာမြန်တယ်။ လေတိုက်တော့ လှိုင်းတွေလည်းတအားပုတ်တယ်။ ရေကမြန်မြန်တိုးနေတာ မြစ်ကိုဖြတ်ကူးလို့မရနိုင်တော့ဘူး” လို့ ဂန့်ဂေါဒေသခံကပြောပါတယ်။