မေ၊ ၁၄
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”အရှိန်ကြောင့် ပင်လယ်ဒီရေမြင့်တက်မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကမ်းနာနေအိမ်တွေအတွင်းမှာ ဒေသခံရာနဲ့ချီပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ အကိုရေ၊ အခုက ရေတအားများနေပြီး၊ ကမ်းနားက နေအိမ်အမြင့်တွေမှာ ရှောင်နေတဲ့ သူတွေလည်း ပိတ်မိနေကြတယ်။ ဘယ်လိုမှ ထွက်လို့မရသေးဘူးပြောတယ်။ အခုကလည်း လိုင်းမကောင်းဘူး၊ အများကြီးပဲ သူတို့တွေ အကူ အညီတွေ အရမ်းလိုနေတယ်။ သက်ဆိုင်ရာက မြန်မြန်ကူညီပေးဖို့ လိုတယ်။” လို့ စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်အားပြင်းတဲ့ ဆိုင်ကလုန်းမိုင်တိုင်း မိုခါဟာ ဒီကနေ့ မနက်ပိုင်းကစတင်ပြီး စစ်တွေမြို့အနီးကို စတင်ဖြတ်ကျော်ဝင်ရောက်နေတာ လည်း ဖြစ်ပါတယ်။
မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ရာလမ်းကြောင်းတလျှောက်မှာဆိုရင် ဒေသခံအများစုကတော့ ဘေးလွတ်ရာကုန်းမြင့်ကို ထွက်ပြေး တိမ်းရှောင်နေကြပေမယ့် တချို့ဒေသခံတွေကတော့ ကမ်းနားအနီးရှိ အထပ်မြင့်နေအိမ်အဆောက်အဦတွေမှာ တိမ်ရှောင်း နေကြတာပါ။
အဲဒီလို ပိတ်မိနေတဲ့ သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ ပါဝင်ပြီး အရေးပေါ်အကူအညီပေးဖို့ လိုအပ်နေပေမယ့် ဖုန်းလိုင်းပြတ်တောက်နေတာကြောင့် သက်ဆိုင်ရာနယ်မြေပရဟိတအဖွဲ့တွေထံ ဖုန်းဆက်သွယ်လို့ မရတော့ဘူးလို့ ဆိုပါတယ်။
“ ပရဟိတအဖွဲ့တွေကို လုံးဝဆက်သွယ်လို့ မရတော့ဘူး၊ ပိတ်မိနေတာ၊ ကလေးတွေရော၊ လူကြီးတွေရောပါ။ မိသားစုအလိုက်ပိတ် နေတာ။ အမြန်ဆုံးအကူအညီ မပေးနိုင်ရင် အသက်န္တရာယ်စိုးရိမ်ရမယ်၊ ရေထဲအကုန်ပါသွားမယ်။” လို့အဲ့ဒီဒေသခံကပြောပါတယ်။
ဒီလိုမျိုး နေအိမ်ရေနစ်မြှပ်ပြီး နေအိမ်အတွင်းပိတ်မိနေတဲ့သူတွေ အကူအညီတောင်းခံတာ မရတာကြောင့် တချို့ကတော့ ၎င်းတို့တို့ရဲ့ လူမူကွန်ယက် Facebook စာမျက်နှာမှာ အကူအညီတောင်းခံထားတာကိုလည်း တွေ့ရှိရပါတယ်။
စစ်တွေမြို့က အဓိကဆက်သွယ်ရေးဖုန်းတာဝါတိုင်ဟာလည်းမုန်တိုင်းကြောင့် နေ့လည်ကပျက်စီးသွားတဲ့အတွက် ဖုန်းလိုင်းပြတ်တောက်မှုတွေလည်းရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ကုလားတန်မြစ်၊ ကိုရီးယားဆိပ်ကမ်း နဲ့ ဆတ်ရိုးကျချောင်းအနီးက ရပ်ကွက်တွေဖြစ်တဲ့ မီဇီ၊ မြို့သူကြီး၊ ရွှေပြား၊ အိုးတန်း၊ လမ်းမတော် တောင်/ေမြာက် စတဲ့ ရပ်ကွက်တွေဟာ ဒီကနေ့မွန်းလွဲပိုင်းကတည်းက ရေတွေ စတင်ဝင်ရောက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရက်ကွက်တွေမှာ ဒေသခံတချို့ရဲ့ အိမ်တွေဟာ ရေအောက်ကို မြှုပ်လာပြီး တချို့ ဒေသခံတွေဟာ အဲဒီမှာ ပိတ်မိနေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ၂ နာရီ ထုတ်ပြန်ချက်အရ လက်ရှိ အလွန့်အလွန်အားကောင်းနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ စစ်တွေမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၀၊ မောင်တောမြို့ရဲ့ တောင်ဘက် ရေမိုင် ၅၀ခန့်၊ ကျောက်ဖြူမြို့ အနောက်မြောက်ဘက် ရေမိုင် ၈၀ ခန့်၊ မာန်အောင်မြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ, ကော့ဘဇားမြို့၊ တောင်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဖော်ပြထားပါတယ်။