မေ၊ ၁၄
အင်အားပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ရခိုင်ကမ်းရိုးတန်း စစ်တွေမြို့အနီးက စတင်ဖြတ်ကျော် ဝင်ရောက်နေတဲ့အတွက် အညိုရောင်အဆင့် သတ်မှတ်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မနက် ကိုးနာရီခွဲအချိန်တိုင်းထွာချက်အရ သိရတယ်လို့ ထုတ်ပြန်ပါတယ်။
အလွန့်အလွန်အားကောင်းတယ်ဆိုပြီး သတ်မှတ်ထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါကို ဒီကနေ့ မနက် ၇ နာရီခွဲအချိန်တိုင်းထွာချက်အရ အနီရောင်အဆင့်သတ်မှတ်ထားရာကနေ အညိုရောင်အဆင့်ပြောင်းလဲသတ်မှတ်တာဖြစ်ပါတယ်။
မုန်တိုင်းရဲ့ အဝန်းအဝိုင်းဟာ ရခိုင်ကမ်းရိုးတန်းဒေသတွေကို စစ်တွေမြို့အနီးက စတင်ဖြတ်ကျော်ဝင်ရောက်နေလို့ အညိုရောင်အဆင့်သတ်မှတ်တာလို့လည်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဆိုပါတယ်။
မုန်တိုင်းရဲ့ အမြင့်ဆုံးလေတိုက်နှုန်းက တနာရီကို မိုင် ၁၃၀ ကနေ ၁၃၇ မိုင်ဖြစ်တယ်လို့ ခန့်မှန်းတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါသေးတယ်။
မုန်တိုင်းမှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်နဲ့ အစိမ်းရောင်စသဖြင့် သတ်မှတ်ချက်တွေရှိပြီး အနီရောင်အဆင့်ဟာ မုန်တိုင်း ၁၂ နာရီအတွင်း ဝင်ရောက်မှာဖြစ်လို့ အန္တရာယ်ရှိလာနိုင်တဲ့အတွက် လုံခြုံစိတ်ချရတဲ့နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ဖို့ လိုအပ်တယ်လို့ မိုးဇလပညာရှင်တွေက ဆိုပါတယ်။
အညိုရောင်အဆင့်ကတော့ မုန်တိုင်းကျရောက်တာဖြစ်ပြီး မုန်တိုင်းကျရောက်နေစဉ် လုံခြုံစိတ်ချရတဲ့ နေရာမှာခိုလှုံနေထိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ အရောင်တွေနဲ့ သတိပေးချက်ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ စစ်တွေမြို့လေတိုက်နှုန်းပြင်းထန်နေတဲ့အပြင် အရှိန်တဖြည်းဖြည်းတိုးလာနေသလို ဒေသခံတွေဟာလည်း ဘုန်းတော်ကြီးကျောင်းအပါအဝင် လုံခြုံတဲ့နေရာတွေမှာ မုန်တိုင်းဘေးကနေ ရှောင်တိမ်းနေထိုင်နေရပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီမိုးဇလ