မေ၊ ၁၄
မိုခါမုန်တိုင်းကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေချိန်မှာ စစ်တပ်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ကျေးလက်နဲ့ မြို့ပြကို ဖြတ်တောက်နိုင်ဖို့ ကတ္တရာလမ်းတွေ၊ ကွန်ကရစ်လမ်းတွေကို မြေတူးစက်တွေနဲ့ မနေ့က မေလ ၁၃ ရက်စပြီး ဖျက်ဆီးနေပါတယ်။
“ တောင်ကြာအင်း တံတားထိပ်နားမှာ ဖြတ်ထားတာ၊ ရွာသားတွေ ထွက်လာလို့ မရတော့ဘူးလေ။ မနက် ၁၀ နာရီလောက်က ခလရ ၃၄၃ က ဒုတပ်ရင်းမှူး ကိုယ်တိုင်ဦးစီးပြီးလာဖျက်သွားတာ”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ အဲဒီလို လမ်းကိုလာဖျက်ဆီးသွားတဲ့အတွက် ရွာပေါင်း ၃၀ ကျော်ဟာ ကော့ကရိတ်မြို့နဲ့ အဆက်အသွယ်ပြတ်သွားပြီး ဒေသခံတွေ အခက်တွေ့ကုန်တယ်လို့ ဆိုပါတယ် ။
“ အခုက ဒူးရင်းသီးတွေ ထွက်ချိန်လေ။ ဒူးရင်းသီးတွေ ဒီဘက်ကို ပို့လို့မရတော့ဘူး။ ရွာကထွက်တဲ့ ဒေသသီးနှံ့တွေ အရောင်းအဝယ် ဘာမှလုပ်လို့မရတော့ဘူး။ ကြာအင်းဆိပ်ကြီးကနေ ပတ်ပြီး မော်လမြိုင်ပဲ သွားလို့ရတော့မယ်။ မိုးနဲ့လေနဲ့ လမ်းခရီးက အရမ်းဝေးပြီး အခက်တွေ့ကုန်တာပေါ့ ” လို့ ကော့ကရိတ်မြို့ပေါ်မှာ နေထိုင်သူတဦးက မှတ်ချက်ပေးပါတယ် ။
စစ်တပ်ဟာ ကော့ကရိတ်မြို့ပေါ်နဲ့ ကျေးလက်ကို ဖြတ်တောက်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး မေလ ၁၃ ရက်နေ့၊ မနေ့က ညနေ ၅ နာရီလောက်က ကော့ကရိတ်တောင်ပိုင်းမှာ ဒေသခံတွေ အားထားနေရတဲ့ လမ်းပိုင်းသုံးခုကို စတင်ဖျက်ဆီးခဲ့ပါတယ်။ ကမိုင်ကုန်းလမ်း၊ ကျိုက်ဒုံ-ကော့ကရိတ်လမ်း နဲ့ ကမိုင်ကုန်းအောက်လမ်း ( မြေနီလမ်း )တွေကို မြေတူးစက်နဲ့ လာရောက်ဖျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာ ထပ်မံပြီး တောင်ကြာအင်း တံတားအနီး ကတ္တရာလမ်းကို မြေတူးစက်နဲ့ တူးကာ လမ်းကြောင်းကို ဖြတ်တောက်ခဲ့တာပါ ။
“ ဖြတ်လေးဖြတ် ပုံစံ ရိက္ခာတွေဖြတ်မယ်၊ ဆေးဝါးအစားအသောက်တွေ ဖြတ်မယ်။ နောက်ဆုံး စက်သုံးဆီတွေကအစ အဲလိုအနေအထားမျိုးတွေလည်း မြင်ရတယ်။ တော်လှန်ရေး အင်အားစုတွေကိုလည်း ချိနဲ့သွားအောင်လုပ်ချင်တာလည်း တပိုင်းပါမှာပေါ့။ စစ်ကောင်စီကိုယ်နှိုက်ကလည်း အင်အားတွေ နည်းလာပြီးတော့ တော်လှန်ရေး အင်အားစုတွေ မြို့ထဲဝင်မှာ ကြောက်လို့ လမ်းတွေကို ဖြတ်တောက်တယ်၊ လမ်းတွေကို ဖျက်ဆီးပစ်တယ်လို့လည်း တွေးလို့ရတယ် ” လို့ ကော့ကရိတ်မြို့ခံ နိုင်ငံရေးသမားတဦးက သုံးသပ်ပါတယ်။