စစ်တွေက မုန်တိုင်းရှောင်သူတွေ စားရေရိက္ခာလိုအပ်ချက်များစွာရှိနေ

မေ၊ ၁၄
 
ရခိုင်ပြည်နယ်၊ စစ်တွေမှာ မိုခါမုန်တိုင်းကို ကြိုတင်ရှောင်ရှားမှုတွေ ပြုလုပ်နေပေမယ့် စားရေးရိက္ခာအတွက်လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံ တွေက ပြောပါတယ်။
 
မိုခါမုန်းတိုင်းက ဒီကနေ့ မေလ ၁၄ ရက်နေ့မွန်းလွဲချိန်မှာ စစ်တွေနဲ့ ရသေ့တောင်ကြားကနေ တနာရီ မိုင် ၁၀၀ ကျော်နှုန်းနဲ့ ဖျက်အားပြင်းဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။
 
“(မုန်တိုင်းရှောင်သူတွေ) တဖြေးဖြေးများလာတဲ့သူတွေအတွက် ရိက္ခာကတော့ ဘယ်လိုသွားမလဲ မသိရသေးပါဘူး။ စစ်တွေရဲ့ဆင်ခြေဖုံးနေရာတွေမှာတော့ ကူညီထောက်ပံ့မှုတွေ သိပ်မရှိသေးဘူး။ ဒါပေမယ့် အသက်ဘေးထက် အခြားကဘာမှအရေးမကြီးဘူးဆိုတော့ လုံခြုံဖို့ကို ဆောင်ရွက်နေပါတယ် ” လို့ စစ်တွေက နာမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။
 
မုန်တိုင်းစတင်ဖြတ်ကျော်မယ့် ရခိုင်ပြည်နယ်မှာတော့ ဒီကနေ့ နံနက် ၁၀ နာရီဝန်းကျင်ကတည်းက လေပြင်းတွေတိုက်ခတ်နေပြီး မြန်မာနိုင်ငံကုန်းတွင်းဘက်မှာတော့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် မုန်တိုင်းအဓိကဝင်ရောက်မယ်လို့ ခန့်မှန်းကြတဲ့ စစ်တွေမြို့နယ်မှာ မုန်တိုင်းကိုရှောင်ကြတဲ့ ပြည်သူတွေဟာ စုရပ်တခုစီမှာ ထောင်နဲ့ချီရှိနေကြတယ်လို့ ခိုင်ကောင်းစံ (စစ်တွေ လူမှုကူညီရေးအသင်း) အခုလို ပြောပြပါတယ်။
 
“ အခုတော့ စစ်တွေမှာ လေအရှိန်နဲ့တိုက်နေပါတယ်။ ကျနော်တို့ဘက်မှာတော့ ဒေသခံအားလုံးနီးပါး နီးစပ်ရာစခန်းတွေမှာ လာရောက် နေထိုင်နေကြပါတယ်။ အဓိဌာန်ဆရာတော်ဘုရားကျောင်းမှာဆို လူ ၃ဝဝဝ လောက်ရှိတယ်၊ လူဆန့်ရင်ဆန့်သလောက် နေထိုင်ကြပါတယ်။ မနေ့ထဲက ဒေသခံတွေ ရွှေ့လာကြတာ ဒီနေ့ကတော့ အကုန်လုံးမုန်တိုင်းအခြေအနေ စောင့်ကြည့်နေကြပါတယ် ” လို့ အဲဒီအဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။
 
မိုခါနဲ့ပတ်သက်ပြီး ရက်သတ္တပတ် တခုကြာမျှ သတင်းတွေပြန့်နှံ့နေခဲ့ပြီး ကြိုတင်သတိပေးချက်တွေကိုလည်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနအပါအဝင် ပြည်တွင်း၊ ပြည်ပ မိုးလေဝသပညာရှင်တွေက ဆက်တိုက်သတိပေးထုတ်ပြန်နေပါတယ်။ အဲဒီလိုသတိပေးချက်တွေကြောင့် မုန်တိုင်းတိုက်ခတ်စဉ်နဲ့ မုန်တိုင်းတိုက်ခတ်အပြီးမှာ လိုအပ်နိုင်တဲ့ စားရေရိက္ခာ၊ ဆေးဝါး စတဲ့အသုံးအဆောင်တွေကို ကြိုတင်စုဆောင်းပြင်ဆင်တဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ပြီးခဲ့တဲ့ ၃ ရက်လောက်ထဲက ဆန်တွေဝယ်တယ်၊ ဆီတွေဝယ်တယ်၊ ကြက်သွန်တွေနဲ့ အခြောက်အခြမ်းတွေဝယ်ထားပါတယ်။ ဆေးဝါးနဲ့ လိုအပ်တာလေးတွေ ဒီမနက်ထွက်ဝယ်တယ်။ ဒီမှာတော့ လေတွေတော့ တိုက်လာပြီ၊ အမျိုးတွေရှိတဲ့ ဂွဘက်မှာတော့ လေတွေကြမ်းပြီး အိမ်တွေပြိုတဲ့အထိ ပြင်းတယ်ပြောတယ်။ ဒီမှာတော့ ဆရာတော်ဘုရားကျောင်းမှာ အဆင်ပြေပြေနဲ့ မုန်တိုင်းရှောင်နေပါတယ် ” လို့ စစ်တွေဒေသခံ မုန်တိုင်းရှောင်တဦးဖြစ်တဲ့ ဒေါ်လှက ဒီကနေ့ နံနက်ကအခြေအနေကို ရှင်းပြပါတယ်။
 
ပြီးခဲ့တဲ့ရက်တွေကတည်းက ရခိုင်ကမ်းရိုးတမ်းမှာရှိနေတဲ့ ဒေသခံတွေကို မုန်တိုင်းဘေးအန္တရာယ်က ကင်းလွတ်စေဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ပြောင်းရွေ့ခိုလှုံရေးလုပ်ငန်းတွေကို အရပ်ဖက်အဖွဲ့အစည်းတွေက ဆက်တိုက်ပြုလုပ်ခဲ့သလို ရခိုင့်တပ်တော်(AA)ကလည်း ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
 
လက်ရှိမှာ ရခိုင့်တပ်တော် AA ကလည်း မုန်တိုင်းရှောင်ပြည်သူတွေကို သယ်ယူပို့ဆောင်ရေး အပါအဝင် စားနပ်ရိက္ခတွေ ကူညီပံ့ပိုးပေးနေပေမယ့် စစ်အုပ်စုဘက်က အကူအညီတွေ သိပ်မရသေးတဲ့အတွက် မုန်တိုင်းဖြစ်ပြီးမှ ရိက္ခာဝေမယ့်သဘောမျိူးရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုကြပါတယ်။
 
ဘန်ကောက်က မြန်မာသံရုံးကနေတဆင့် မုန်တိုင်းရှောင်ပြည်သူတွေအတွက် ထိုင်းရောက်မြန်မာနိုင်ငံသားတွေ လှူဒါန်းတဲ့ အသင့်စားခေါက်ဆွဲခြောက်ထုတ် တစ်သိန်းခွဲကျော်ကို စစ်ကောင်စီလက်အောက်ခံတွေကတဆင့် လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်၊ စစ်တွေက မုန်တိုင်းရှောင်ပြည်သူတွေကတော့ ထိရောက်တဲ့ ကူညီထောက်ပံ့မှုမျိုး တခုမှမရရှိသေးဘူးလို့လည်း ပြောကြပါတယ်။
 
စစ်တွေမြို့က မုန်တိုင်းရှောင်သူတွေကို ကူညီပေးနေသူတချို့ကတော့ ရခိုင်ပြည်နယ်စစ်ကောင်စီက မုန်တိုင်းဘေးခိုလှုံနေသူတွေရှိနေတဲ့ ဘုန်းကြီးကျောင်းတွေကို ဆန် (၂၅)အိတ်၊ ခေါက်ဆွဲခြောက် (၁၀၀)ဖာ၊ ရေသန့်ဗူးကြီး (၅၀)ဗူးစီ ထောက်ပံ့ပေးထားသလို တခြားခရိုင်၊ မြို့နယ်တွေမှာလည်း အလားတူကူညီထောက်ပံ့မှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
 
ရခိုင်ကမ်းရိုးတန်းဒေသမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ မောင်းတော၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ်တွေကို မုန်တိုင်းအန္တရာယ်ခံရနိုင်ချေမြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။ 
ဓာတ်ပုံ – ခိုင်ကောင်းစံ (စစ်တွေလူမှုကူညီရေးအသင်း)