မေ၊ ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာက စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF)ပူးပေါင်းစခန်းကို မနေ့က မတ်လ ၁၃ ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူလေးဦးအနက် တဦးက ဒဏ်ရာပြင်းထန်တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။
“ သတင်းတက်လာတာက ဒရုန်းကျလို့ပါ။ ၂ လုံးကျပါတယ်။ ပထမအလုံးက ကတုတ်ကျင်းအနားကျတာ၊ အဲဒီပထမအလုံးမှာပဲ ထိသွားတာပါ။ လေးယောက်၊ လေးယောက်ပါ၊ တယောက်က လက်မောင်းနဲ့ ခေါင်းနားထိတယ်၊ သွေးထွက်လွန်သွားတာ၊ ဆေးရုံမှာ၊ ကျန်တာက ဗုံးစထိတာလောက်ပဲ ” လို့ သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာမှာရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးလေးလုံးချကာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ ပူးပေါင်းအဖွဲ့အနေနဲ့ သွားလုပ်ကြတာပါ။ အဲဒီမှာ BGF နဲ့ စစ်တပ်လူတွေ ပေါင်းရင် ၃၀ ၊ ၄၀ ဝန်းကျင်လောက်ရှိတယ်၊ အဲစခန်း ကလေ၊ ဒရုန်းနဲ့ပါ။ လေးလုံးပေါ့ချတာ၊ ထိတော့ ထိသွားတယ်။ ထိခိုက်မှုအခြေအနေက မေးနေတုန်းပဲ၊ သွားတဲ့အဖွဲ့နဲ့ အဆက်အသွယ်မရသေးလို့ သေချာတော့ ပြောဖို့ ခက်နေသေးတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုပြုလုပ်ပြီးနောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ ဆိုပါတယ်။
“ လက်နက်ကြီးက ပစ်သံတော့ တချက်နှစ်ချက်လောက်ပဲ ကြားရတာ၊ ခဏပဲ ပစ်ပြီး အသံတိတ်သွားတယ်။ ရွာကလူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ရွာမှာလည်း လူတွေ သိပ်မနေကြတော့တာ ကြာပါပြီ ” လို့ မဲပလီကျေးရွာအနီးမှာ နေထိုင်သူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်ကလည်း ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာနယ်မြေရဲစခန်းနဲ့ တောင်စွန်းနယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ ဘီးလင်းမြို့နယ် ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့က DNA ကို ပြောဆိုထားပါတယ်။
ဘီးလင်းမြို့နယ်မှာဆိုရင် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယခုနှစ်အစောပိုင်းက စတင်ကာ နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာသလို ထိတွေ့ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များနေတာပါ။
ဒါ့အပြင် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားရာ ကေအဲန်ယူထိန်းချုပ်နယ်မြေရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ နေ့စဉ်နဲ့အမျှ ရမ်းသမ်းပစ်ခတ်နေတာလည်း ရှိပါတယ်။
အဲဒီလိုစစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို ထောင်နဲ့ချီတဲ့ဒေသခံတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။
ဓာတ်ပုံ – သထုံ PDF