မေ၊ ၁၃
လာမယ့် (၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ဖြတ်သန်းတော့မယ့် မိုခါမုန်တိုင်း အန္တရာယ်ကြောင့် ဘေးလွတ်ရာနေရာတွေကို အရေးပေါ်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မုန်တိုင်းရှောင်ပြည်သူတွေအတွက် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။
ဒီကနေ့အထိ မြောက်ဦးမြို့ကို မုန်တိုင်းရှောင်ပြည်သူတွေ လာရောက်နေဆဲဖြစ်သလို ကျေးရွာတွေက လာရောက်သူတွေက ရိက္ခာအနည်းငယ်သာ ပါလာတဲ့အတွက် လိုအပ်ချက်တွေရှိနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူတဦးက ဆိုပါတယ်။
” ဒီမှာက မိုးက မနေ့ညကတည်းက ရွာနေတာပါ၊ ဒီနေ့ဆိုရင်လည်း တနေကုန်နီးပါးကို ရွာနေတယ်၊ မုန်တိုင်းရှောင်တဲ့လူတွေကလည်း စက်လှေတွေ မော်တော်တွေနဲ့ လာနေတုန်းပါပဲ၊ အခက်အခဲတွေက ရှိတယ်။ ဆန်အများကြီးလည်းမပါဘူး၊ သူတို့က နှစ်နပ်သုံးနပ်စာလောက်ပါတယ်၊ အိုးနှစ်လုံး သုံးလုံးလောက်ပါတဲ့ အနေအထားရှိတယ်၊ မြစ်ကမ်းဖက်ကိုကျတဲ့ ရွာတွေက ရွာလုံးကျွတ်လာရတော့ အကုန်လုံးတင်လာလို့မရတဲ့အခြေအနေလေ အဲဒါ့ကြောင့် အခက်အခဲရှိတယ်။ ဒီနေ့တော့ မိုးရွာတော့ ရေခံလို့ရနိုင်တယ် သောက်ရေအခက်အခဲရှိတယ် ထင်းအခက်အခဲရှိတယ် ” လို့ သူကပြောပါတယ်။
ဒီကနေ့အထိ မြောက်ဦးမြို့မှာ မုန်တိုင်ရှောင်စခန်းခြောက်ခုနဲ့အထက်ရှိပြီး စခန်းတခုစီမှာ လူဦးရေ ၁၀၀၀ နဲ့အထက် ခိုလှုံနေကြသလို နီးစပ်ရာဆွေမျိုးတွေနဲ့ ဟိုတယ်တည်ခိုခန်းတွေမှာ နေထိုင်သူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
” နဂိုကတည်းက မြို့မှာ သောက်ရေက အခက်အခဲရှိနေတာပါ၊ တပတ်နှစ်ပတ်လောက်နေမှ ရေတခါပဲလာတယ်၊ ဒီနေ့တော့ ICRC က ရေလှူမယ်လို့ ကမ်းလှမ်းတာရှိတော့ ဝမ်းသာတယ်၊ ဒီမှာက မြောက်ဦးမြို့ရဲ့ မြစ်ကမ်းနဲ့ နီးတဲ့နေရာတွေက လာကြတယ်၊ အထူးသဖြင့် ပုဏ္ဏားကျွန်း၊ ပေါက်တော မြို့နယ်က များတယ်၊ စစ်တွေကလည်း များတယ်၊ စစ်တွေကတော့ ခိုလှုံရေးစခန်းတွေမှာ နေတာနည်းတယ် ဟိုတယ်၊ Guest House နဲ့ မိသားစုတွေနဲ့ နီးစပ်တဲ့သူ တွေဆီ နေတာများတယ် ” လို့ မြောက်ဦးဒေသခံတဦးက ပြောပါတယ်။
အလားတူ စစ်တွေမြို့ပေါ်မှာလည်း မုန်တိုင်းဒဏ်သင့်နိုင်တဲ့ ဒေသတွေက ဒေသခံတွေ၊ စစ်ရှောင်စခန်းတွေကနေ လာရောက်ကြသူတွေနဲ့ စုစုပေါင်း လူဦးရေငါးသောင်းနဲ့အထက်ကို ဘုန်းတော်ကြီးကျောင်းတွေမှာ နေရာချထားပေးရတယ်လို့ စစ်တွေမြို့အခြေစိုက် ဝံလက်ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ပြောပါတယ်။
” အခုက မိုးရွာနေတယ်၊ ရွေ့ပြောင်းနေတဲ့သူတွေကတော့ အများကြီးပဲ၊ ကားတွေနဲ့ သွားနေကြတာပေါ့၊ ကျောင်းမှာဆိုရင် ဆရာတော်တွေနဲ့ ဒကာတွေကပဲ ကြိုးစားကျွေးမွေးနေတယ်၊ တချို့ကျောင်းတွေကျတော့ စစ်တွေမြို့က အလှူရှင်တွေ လှူတာရှိတယ်၊ ဒါပေမယ့် ကြီးကြီးမားမားအလှူရှင်တွေ မရောက်သေးဘူး၊ ကိုယ်မှာပါတဲ့ဟာနဲ့ ချက်ပြုတ်စားသောက်နေကြတယ်၊ ရိက္ခာအခက်အခဲရှိတယ်၊ တချို့နေရာတွေက သောက်ရေ အခက်အခဲရှိတယ် ” လို့ သူကပြောပါတယ်။
စစ်တွေမြို့က ဈေးဆိုင်တွေကို မုန်တိုင်းအန္တရာယ်ကြောင့် စစ်အုပ်စုက မဖွင့်ကြဖို့ တားမြစ်ထားတဲ့အတွက် ကုန်ဈေးနှုန်းတွေတက်သွားသလို စစ်တွေ-ပုဏ္ဏားကျွန်းကို သွားလာနေတဲ့ စရိတ်တွေ နှစ်ဆနီးပါးတက်သွားတယ်လို့ သူကပြောပါတယ်။
” ဆီဈေးကတော့ မတက်ဘူး၊ ဒါပေမယ့် တုတ်တုတ်တို့ ကားဈေးတွေက အရမ်းတက်တယ်၊ အရင်တုန်းက စစ်တွေ-ပုဏ္ဏားကျွန်းသွားမယ်ဆို ဈေးက ၅၀၀၀ ပဲရှိတယ်၊ ဒီနေ့တယောက်ကို တစ်သောင်းခွဲအထိ တက်သွားတယ်၊ မြောက်ဦးဆိုလည်း အရင်က တသောင်းခွဲပဲရှိတာ အခုသုံးသောင်းအထိ တောင်းကြတာပေါ့နော်၊ ရေယာဉ်စရိတ်တွေက တက်လာတော့ အရမ်းအခွင့်အရေးယူသလို ဖြစ်နေတယ်၊ ဆန်ဈေးက နည်းနည်းပဲတက်တယ် အရင်ခုနှစ်သောင်းရှိတာ အခုရှစ်သောင်းပေါ့ ” လို့ ခိုင်ကောင်းစံက ပြောပါတယ်။
လက်ရှိမှာ ရခိုင်တပ်တော် AA ကလည်း မုန်တိုင်းရှောင်ပြည်သူတွေကို သယ်ယူပို့ဆောင်ရေး အပါအဝင် စားနပ်ရိက္ခတွေ ကူညီပံ့ပိုးပေးနေပေမယ့် စစ်အုပ်စုဘက်က အကူအညီတွေ သိပ်မရသေးတဲ့အတွက် မုန်တိုင်ဖြစ်ပြီးမှ ရိက္ခာဝေမယ့်သဘောမျိူးရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုကြပါတယ်။
စစ်တွေမြို့က မုန်တိုင်းရှောင်သူတွေကို ကူညီပေးနေသူတချို့ကတော့ ရခိုင်ပြည်နယ် စစ်ကောင်စီက မုန်တိုင်းဘေးခိုလှုံနေသူတွေရှိနေတဲ့ ဘုန်းကြီးကျောင်းတွေကို ဆန် (၂၅)အိတ်၊ ခေါက်ဆွဲခြောက် (၁၀၀)ဖာ၊ ရေသန့်ဗူးကြီး (၅၀)ဗူးစီ ထောက်ပံ့ပေးထားသလို တခြားခရိုင်၊ မြို့နယ်တွေမှာလည်း အလားတူကူညီထောက်ပံ့မှုတွေ လုပ်ပေးနေတယ်လို့ ဆိုပါတယ်။
ရခိုင်ကမ်းရိုးတန်းဒေသမြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ရသေ့တောင်၊ မောင်းတော၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ်တွေကို မုန်တိုင်းအန္တရာယ်ခံရနိုင်ချေမြင့်မားတဲ့ အနီရောင်အဆင့်ဒေသတွေအဖြစ် စစ်ကောင်စီက သတ်မှတ်ထားပါတယ်။
ဒီကနေ့ ညနေ ငါးနာရီခွဲအချိန် တိုင်းထွာချက်တွေအရ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ အလွန့်အလွန် အားကောင်းတဲ့ မုန်တိုင်းအဖြစ် စစ်တွေမြို့နဲ့ ရေမိုင် (၂၅၀)အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မနက်ဖြန် (မေလ ၁၄ ရက်)နေ့လယ်ပိုင်းမှာ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်မယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – U Than Tun/ Facebook