ဂန့်ဂေါမှာ စစ်ထောက်လှမ်းရေးတဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်

မေ၊ ၁၃
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာရဲစခန်းက စစ်ထောက်လှမ်းရေးဆိုသူတဦး ပစ်သတ်ခံရပြီး နောက်တရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာခံလူငယ်တဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းကို မြစ်သာမြစ်ထဲ မျှောချလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“လည်ပင်းကိုလှီးထားတာ ပြတ်ခါနီးထိပဲ၊ သူတို့မွေးချင်းတွေ အလောင်းကိုဆယ်ယူဖို့ သွားကြတယ်၊ ရွာထဲတော့ သယ်လို့မရဘူး၊ တိုးတိုးတိတ်တိတ် သင်္ဂြိုလ်ရမှာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ လူငယ်ဟာအသက် နှစ်ဆယ့်တနှစ်ဝန်းကျင်ရှိပြီး ဆိုင်ကယ်ပြင်ဆိုင်မှာပြင်ထားတဲ့ ဆိုင်ကယ်ပြန်သွားယူရင်းက မေလ ၁၂ ရက်မှာ တောင်ခင်ရန်းရွာ ရဲစခန်းထဲ ဖမ်းခေါ်သွားခံရတာဖြစ်ပြီး နောက်တနေ့ မှာတော့ သူ့ရဲ့ရုပ်အလောင်းကို မြစ်သာမြစ်ထဲက ပြန်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သက်ဆိုင်မှုမရှိတဲ့ ဒေသခံတဦးဖြစ်တယ်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
“ သူနဲ့ဘာမှမဆိုင်ပါဘူးဗျာ၊ ဖမ်းဆီးသွားပြီး ညပိုင်းမှာ သတ်တာဖြစ်မှာ၊ ရွာထဲမှာ ဖုန်းတောင်မပြောရဲကြဘူး၊ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီပဲ ရွာထဲကို ထွက်ရမယ်၊ ဘုန်းကြီးကျောင်း အရုဏ်ဆွမ်းတောင် မနက်ခြောက်နာရီမထိုးခင် ပို့လို့မရဘူး၊ ရွာထဲသွားရင်လည်း လွယ်အိတ်လွယ်လို့မရဘူး ” လို့ ဒေသခံကတဦးက ပြောပါတယ်။
 
တောင်ခင်ရန်းရွာရဲစခန်းထဲက စစ်ထောက်လှမ်းရေး သိန်းဇော်ဆိုသူဟာ မေလ ၁၁ ရက်က စခန်းကနေ ရွာထဲကို အရပ်ဝတ်နဲ့ တဦးတည်းထွက်လာချိန် ပစ်ခတ်ခံရကာ သေဆုံးခဲ့ပြီး သူစီးလာတဲ့ဆိုင်ကယ်ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းခဲ့ပါတယ်။
 
ဂန့်ဂေါမြို့မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာ မြစ်သာမြစ်ကမ်းပေါ်က တောင်ခင်ရန်းရွာဟာ လူဦးရေ လေးထောင်ဝန်းကျင်လောက် နေထိုင်တဲ့ရွာတရွာဖြစ်ပြီး နယ်မြေရဲစခန်းလည်း ရှိပါတယ်။
 
အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာ လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတာကြောင့် အဲ့ဒီနယ်မြေရဲစခန်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲနေထိုင်လေ့ရှိပါတယ်။
 
အဲ့ဒီရဲစခန်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက မကြာမကြာတိုက်ခိုက်လေ့ရှိပြီး အရာရှိတွေအပါအဝင် စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ 
ဓာတ်ပုံ – Google