မုန်တိုင်းဝင်တော့မယ့်ရခိုင်မှာ စားသောက်ကုန်၊ မုန်တိုင်းကာကွယ်ရေးပစ္စည်းနဲ့ ကားခတွေဈေးတက်

မေ၊ ၁၃
 
အင်အားပြင်းဆိုင်ကမုန်တိုင်း မိုခါဝင်ဖို့ ရှိနေတဲ့ ရခိုင်မှာ အခြေခံစားသောက်ကုန်တွေ၊ မုန်တိုင်းဒဏ်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းတွေနဲ့ ကားခတွေ အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မုန်တိုင်းဝင်နိုင်တဲ့ စစ်တွေအပါအဝင် အနီးတဝိုက်မြို့နယ်တွေက ဒေသခံတွေဟာ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းစတဲ့ ဘေးလွှတ်ရာလို့ ယူဆကြတဲ့နေရာတွေဆီ တိမ်းရှောင်နေကြပြီး အဲဒီခရီးစဉ်တွေအတွင်း ကားခတွေဟာ ပုံမှန်ထက် လေးဆ၊ ငါးဆလောက်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
 
“ စစ်တွေက ကျောက်တော်၊ မြောက်ဦးကို ပုံမှန်ဆို တသောင်းကျော်ပဲ ပေးရတယ်၊ အခုက လေးသောင်းကျော် ငါးသောင်းတောင်းကြတယ်၊ ဒါတွေက မလုပ်သင့်ဘူးလေ၊ ဒုက္ခရောက်နေကြတဲ့အချိန်မှာ။ တချို့ကျတော့ စေတနာနဲ့ ပို့ပေးကြတာတွေ ရှိပါတယ် ” လို့ မြောက်ဦးမြို့မှာ မုန်တိုင်းရှောင်ဖို့ ရောက်နေတဲ့ စစ်တွေဒေသခံတဦးက ပြောပါတယ်။
 
အခြေခံစားသောက်ကုန်တွေလည်း ဈေးနှုန်းမြင့်တက်လာပြီး အရင်က ကျပ်သုံးရာ ပေးရတဲ့ ကြက်ဥတလုံးကို ယခုအခါ ကျပ်ငါးရာ၊ ခြောက်ရာလောက်အထိ ပေးဝယ်ရပြီး အရင်က ခုနှစ်သောင်း၊ ရှစ်သောင်းလောက်ပေးခဲ့ရတဲ့ ဆန်တအိတ်ကို တသိန်း၀န်းကျင်၊ တသိန်းကျော်အထိ တင်ရောင်းနေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင်မုန်တိုင်းကြောင့် လေပြင်းတိုက်ခဲ့ရင် အကာအကွယ်ဖြစ်စေဖို့အတွက် လိုအပ်တဲ့ကြိုး၊ တာလပတ်၊ အသက်ကယ်အင်္ကျီနဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စျေးတင်ရောင်းနေကြတယ်လို့ ဆိုကြပါတယ်။
 
“ ကြိုးဆိုရင် အရင်က တပိဿာကို တသောင်းတောင် မပေးရဘူး၊ အခု သုံးသောင်းနီးပါးတောင်းကြတယ်၊ တာလပတ်ဆိုရင်လည်း ဆယ်တောင်ပတ်လည်တခုကို အရင်က နှစ်သောင်းကျော်၊ အခု ငါးသောင်းနီးပါး တောင်းနေပြီ ” လို့ ပေါက်တောမြို့က ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင် မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းမှာရှိတဲ့ စစ်တွေမြို့မှာဆိုရင် ပုံမှန် တသောင်းကျော်လောက်သာ ပေးရတဲ့ အသက်ကယ်င်္ကျီတစုံကို ကျပ်တသိန်းနီးပါးအထိ ဆယ်ဆလောက်စျေးတင်ရောင်းနေတာမျိုးတွေအထိ ရှိနေတယ်လို့ ပြောပါတယ်။
 
“ စျေး မေးကြည့်တာ တသိန်းလောက်တောင်းတယ်၊ ဒါက တော်တော်ယုတ်ညံ့တဲ့အလုပ်တွေပဲလေ ” လို့ စစ်တွေ ဒေသခံတဦးက ပြောပါတယ်။
 
စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ ဒီကနေ့ မေလ ၁၃ ရက်ကစလို့ စျေးတွင်း စျေးဆိုင်တွေ ပိတ်ထားကြပြီဖြစ်ပြီး ဆိုင်တချို့ကတော့ ဖွင့်လှစ်ရောင်းချနေကြဆဲဖြစ်တာကို တွေ့ရပါတယ်။ မုန်တိုင်းရှောင်ဖို့၊ ပြောင်းရွေ့ဖို့ အခက်အခဲရှိနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ရခိုင်စစ်ဘေးရှောင်တွေကတော့ သူတို့ရဲ့ စခန်းတွေမှာပဲ နေထိုင်နေကြဆဲဖြစ်သလို တချို့ကတော့ နီးစပ်ရာ ဘာသာရေးအဆောက်အဦးတွေဆီ သွားရောက်ခိုလှုံနေကြတယ်လို့ ပြောကြပါတယ်။
 
“ ကျွန်တော်တို့ကတော့ စခန်းက စာသင်ကျောင်းတွေ၊ ဗလီတွေမှာ နေနေကြပါတယ်။ အခုထိကတော့ အဆင်ပြေပါသေးတယ်၊ မုန်တိုင်းဝင်လာရင် ခံနိုင်မလား မသိသေးဘူး ” လို့ ပေါက်တောမြို့နယ် ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ပြောပါတယ်။
 
ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းအဖြစ် စစ်တွေမြို့နဲ့ ရေမိုင် (၃၁၀)အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပြီး မနက်ဖြန် (မေလ ၁၄ ရက်)နေ့ လယ်ပိုင်းမှာ စစ်တွေမြို့အနီးကနေ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဖြတ်ကျော်ဝင်ရောက်မယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။
 
အဲ့ဒီမုန်တိုင်းဟာ ကုန်းတွင်းဝင်ချိန်မှာ လေတိုက်နှုန်း တနာရီမိုင် (၁၂၀)ကျော်နှုန်းနဲ့ ဝင်ရောက်မှာဖြစ်တယ်လို့ မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရကတော့ မိုခါမုန်တိုင်းကမ်းဖြတ်ချိန်မှာ မုန်တိုင်းဒီရေတက်ရောက်နိုင်ကြောင်း သတိပေးထားပြီး မုန်တိုင်းဒီရေဟာ စစ်တွေမြို့မှာ မုန်တိုင်းဗဟိုချက်ကနေ မိုင်သုံးဆယ်အတွင်း အမြင့် (၁၂)ပေ အထိရှိ နိုင်တယ်လို့ သတိပေးထားပါတယ်။
 
မုန်တိုင်း ကမ်းဖြတ်ကျော်ခြင်းမပြုမီ မေလ ၁၄ ရက်မှာ လေတိုက်နှုန်းတနာရီ မိုင် ၇၀ ကနေ မိုင် ၉၀ အထိရှိနိုင်ပေမယ့် ကမ်းဖြတ်ကျော်ချိန်မှာတော့ လေတိုက်နှုန်းပြန်လည်ကျဆင်းကာ တနာရီမိုင် ၆၀ ကနေ ၇၀ အတွင်းရှိနိုင်တယ်လို့ NUG က ဆိုထားပါတယ်။
 
ရခိုင်ပြည်နယ်က (၁၁)မြို့နယ်အပါအဝင် ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က မြို့နယ်ပေါင်း သုံးဆယ်နီးပါး မုန်တိုင်းတိုက်ရိုက်သက်ရောက်မှုရှိနိုင်တယ်လို့ NUG က ခန့်မှန်းထားပြီး အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ တသန်း မတည်ဆောင်ရွက်မှာဖြစ်သလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာတော့ အခွန်ကောက်ခံရငွေထဲက တဆယ်ရာခိုင်နှုန်းကို မုန်တိုင်းဒဏ်တုံ့ပြန်ရေးအရေးပေါ် ရန်ပုံငွေအဖြစ် သုံးစွဲမယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Social Media
ပုံစာ – စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ တွေ့ရတံ မုန်တိုင်းရှောင်ပြည်သူများ။