ထောက်ပံ့ကူညီရေး လုပ်ငန်းစဉ်တွေမှာ ဗဟိုချက်အဖြစ် ပါဝင်သင့်တဲ့ ဒေသခံ လူ့အဖွဲ့အစည်းများ

မေ၊ ၁၃

ပြီးခဲ့တဲ့လက ကျွန်တော် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ၁၀ ရက်ကြာ ခရီးတခု သွားခဲ့ပါတယ်။ အဲဒီ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်တွေထဲက တခုကတော့ ကျွန်တော်နဲ့ စကော့ ဂူဂန်ဟိမ်တို့ ဆွေးနွေး ငြင်းခုံလေ့ ရှိတဲ့ ကိစ္စတခုဖြစ်တဲ့ အဲဒီ ဒေသက စီမံအုပ်ချုပ်မှု သဘောသဘာဝတွေနဲ့ လုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းက ပိုပြီး ထဲထဲဝင်ဝင် ကူညီပေးဖို့ လိုအပ်နိုင်ခြေတွေကို အတွင်းကျကျ လေ့လာချင်လို့လည်း ဖြစ်ပါတယ်။ ဒီအကြောင်း မတ်လ ၂၄ ရက်တုန်းက Bangkok Post သတင်းစာရဲ့ Taking Risk and Supporting Local Governanceဆိုတဲ့ အမြင်ဆောင်းပါးမှာ ရေးခဲ့ဖူးပြီးပါပြီ။

ကျွန်တော့် ကောက်ချက်ကတော့ လူ့အဖွဲ့အစည်းထဲမှာ အားကောင်းတဲ့ ကွန်ရက်တွေ ရှိနေပါတယ်။ အဲဒီ ကွန်ရက်တွေကို ထောက်ပံ့ကူညီပေးဖို့ လိုပါတယ်။ ဒါပေမဲ့ မလိုလားစရာ အဟန့်အတား တခုကတော့ ထောက်ပံ့ လှူဒါန်းလိုသူတွေ ရှိရင်တောင်မှာ နိုင်ငံရေးအရ စွန့်စားရမယ့် တာဝန်ခံမှုတွေနဲ့ ပတ်သက်ရင် တွန့်ဆုတ်နေသေးတာပါပဲ။

ဟုတ်ပါတယ်။ ရန်ပုံငွေ ပမာဏ မလုံလောက်တဲ့ ကိစ္စတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပိုပြီး အကျပ်ရိုက်တာက ရှိရင်းစွဲ လှူဒါန်းမှု ပမာဏတွေကို အမှန်တကယ် လက်လှမ်းမီနိုင်ရေး ကိစ္စပါပဲ။ ကုလသမဂ္ဂနဲ့ တချို့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေဟာ သူတို့ စွမ်းဆောင်နိုင်တာထက် ပိုတဲ့ ချဲ့ကား ဖော်ပြမှုတွေကြောင့် ခေါင်းရှုပ်စရာတွေ ကြုံနေရတဲ့အပြင် နိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများကလည်း အဲဒီ အထောက်အပံ့တွေကို မရရှိနိုင်ဘဲ ဖြစ်နေနိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီလို ပုံဖော်နေမှုတွေက မှားယွင်းနေပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်တဲ့ထိ ဒေသခံ လူမှုရေး အသင်းအဖွဲ့ ကွန်ရက်တွေ၊ တိုင်းရင်းသား နယ်မြေတွေက အုပ်ချုပ်မှု စနစ်တွေဟာ ကြီးမားကျယ်ပြန့်တဲ့ လူ့အသိုက်အဝန်းတွေအတွက် ကူညီဝန်ဆောင်ပေးဖို့ စီမံထားနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီလို ရှိရင်းစွဲ အခြေခံ ကောင်းတွေဟာ အခုအခါမှာတော့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)မှာ ပါဝင်လာတဲ့ ပရော်ဖက်ရှင်နယ်အဆင့် ကျွမ်းကျင်တတ်မြောက်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ဝန်ထမ်းတွေရဲ့ အကူအညီကိုပါ ရရှိလာခဲ့ပါတယ်။

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ချိန်ကစလို့ မြန်မာနိုင်ငံ အလယ်ပိုင်း (ပြည်မ)မှာ နေထိုင်သူတွေဟာ လက်ရှိ ကြုံနေရတဲ့ ကြမ်းတမ်းရက်စက်မှု ဖြစ်စဉ်တွေနဲ့ မထိတွေ့ခဲ့ရပါဘူး။ ခုတော့ မြေပြန့်နေ လူများစု ဗမာတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေရဲ့ စီမံအုပ်ချုပ်မှု၊ လူ့အသိုက်အဝန်းတွေကြားမှာ ခိုင်မာတဲ့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါပြီ။

ဒါပေမဲ့ တကယ့် အခက်အခဲက အကူအညီတွေကို လက်ခံရမယ့် ဖက်မှာလည်း ရှိနေပြန်တယ်။ အဲဒီလို ကူညီထောက်ပံ့မှု လမ်းကြောင်းတွေနဲ့ ပတ်သက်ရင် နေပြည်တော်မှာ မှတ်ပုံတင်ရမှာ ဖြစ်သလို ထောက်ပံ့ ငွေကြေးတွေကလည်း တရားဝင် သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ လမ်းကြောင်းတွေကနေပဲ ပို့ဆောင်ရပါတယ်။ ဒီအခြေအနေက ဒေသခံ အဖွဲကအစည်း တော်တော်များများကို အန္တရာယ် ရှိလာစေနိုင်ပါတယ်။

ဒါ့အပြင် ဒီငွေကြေးတွေကို ဘယ်လို သုံးစွဲရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အထက်က ချမှတ်ပေးတဲ့ ညွှန်ကြားချက်တွေကလည်း သိပ်ပြီးတော့ အကူအညီ မရလှပြန်ဘူး။ အနောက်နိုင်ငံတွေက အလှူရှင်တွေ အရေးတကြီး နားလည်ထားသင့်တာက ရှိရင်းစွဲ စည်းမျဉ်းတွေကို လိုက်နာနေရုံ ဆိုတာထက် ဒေသခံ အသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဆီ တိုက်ရိုက် ငွေကြေး ပေးပို့မှုတွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အားထုတ်သင့်တာကိုပါ။

ဒါ့အပြင် ခက်ခဲကျပ်တည်းတဲ့ ဆွေးနွေးမှုတွေထဲမှာ အထိတ်တလန့် ဖြစ်လောက်စရာ အရှိတရားတွေကလည်း ပမာဏတခုထိ ရောစပ်နေပြန်ပါတယ်။

ပဋိပက္ခက ရှည်ရှည်ကြာကြာ ဆက်လက် တည်တံ့နေမှာ ဖြစ်သလို ပြည်သူလူထုကလည်း ဆက်ပြီး ထိခိုက်နာကျင် ခံစားနေရဦးမှာပါ။ မြန်မာစစ်တပ်က တချိန်ချိန်ကျရင် ပြိုလဲသွားမှာပဲဆိုတဲ့ အတွေးကို အခြေခံပြီး မဟာဗျူဟာတွေ ရေးဆွဲ ချမှတ်မယ် ဆိုတာက အကြံကောင်းတော့ မဟုတ်ပါဘူး။

 အခုဆိုရင် မြန်မာစစ်တပ်ဟာ သူတို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဖြတ်လေးဖြတ် ဗျူဟာကို အရင်လို ပုံအော မှီခိုထားလို့ မရတော့သလို သူတို့ရဲ့ မြေပြင် အခြေစိုက် တပ်ဖွဲ့ဝင်တွေကို အားဖြည့်ပေးနိုင်စွမ်း၊ ထောက်ပံ့ပေးနိုင်စွမ်းကလည်း လျော့ပါးလာပါတယ်။ ပြီးတော့ တော်လှန်ရေး အင်အားစုတွေရဲ့ အလစ်အငိုက် တိုက်ခိုက်မှုတွေမှာလည်း ပိုပြီး အထိနာလာပါတယ်။ အထူးသဖြင့် နိုင်ငံအနှံ့က ကျေးလက် ဧရိယာတွေမှာ ဒီအခြေအနေတွေက ပိုပြီး မြင်သာပါတယ်။

ဒီတော့ စစ်တပ်ဟာ သူတို့ အမည်းရောင်နယ်မြေ သတ်မှတ်ထားတဲ့ ဒေသတွေမှာ ဖြတ်လေးဖြတ် ဗျူဟာကို ကျင့်သုံးရုံသာ မကတော့ဘဲ နေရာအနှံ့ ဖြန့်ကြဲ အခြေချထားတဲ့ စစ်စခန်းတွေကနေ အနီးအနားက လူနေ ဧရိယာတွေကို လက်နက်ကြီး (မော်တာ)တွေ အသုံးပြုပြီး စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ ပစ်ခတ်နေတယ်။ ဒါမှမဟုတ် ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်တယ်။ အခုဆိုရင် ညပိုင်းတွေမှာပါ လေကြောင်း စစ်ဆင်ရေးတေါ လုပ်ဆောင်လာတယ်။ ဒီတော့ လျှပ်စစ်မီး မရတဲ့ ရွာတွေမှာ မိုဘိုင်း အင်တာနက် ကွန်ရက်ပါ ဖြတ်တောက် ခံထားရတဲ့ အခြေအနေမျိုးဆိုရင် ရွာသားတွေဟာ သူတို့အပေါ် ကျရောက်လာမယ့် အန္တရာယ်ဆိုးအတွက် ကြိုတင် သတိပေးချက်တွေ ဘယ်နေရာမှ မရနိုင်တော့ပါဘူး။

NLD/CRPHကလည်း EAOတွေနဲ့ကြားမှာ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ပြဿနာတခု ရှိနေဆဲဖြစ်ပြီး အဲဒါကို ပြေလည်အောင် ညှိဖို့လိုတယ်။ NLD လူဟောင်းတွေဟာ ဓလေ့ထုံးတမ်းနဲ့ နိုင်ငံရေးဆိုင်ရာ ခေါင်းမာတဲ့ အတွေးအမြင်တွေကို ကိုင်ဆွဲထားဆဲလို့ ရှုမြင်ခံနေရသေးသ၍ စစ်မှန်ပြီး အားလုံး စုစည်းပါဝင်နိုင်မယ့် အတိုက်အခံ အင်အားစုမျိုး အမှန်တကယ် ပေါ်ပေါက်လာရေး အားထုတ်မှုတွေကို အနှောင့်အယှက် ဖြစ်နေစေဦးမှာပါပဲ။

တနည်းအားဖြင့် NLD/CRPHဟာ သူတို့အနေနဲ့ EAOတွေရဲ့ ကူညီဖေးမမှုအပေါ် ဘယ်လောက်တောင် မှီခိုနေရသေးသလဲ ဆိုတာကို သေသေချာချာ နားမလည်သလို ဖြစ်နေပါတယ်။ အင်အားစု နှစ်ခုဟာ တစိတ်တဝမ်းတည်း ဖြစ်ပါတယ် ဆိုတာကို ကမ္ဘာ့အလယ်မှာ ထင်သာမြင်သာ ချပြဖို့ဆိုရင် NLD/CRPHနဲ့ EAOတွေကြားက ကွဲလွဲမှုတွေကို အမြန်ဆုံး ညှိနှိုင်းအဖြေရှာဖို့ လိုအပ်နေပါပြီ။

တချိန်တည်းမှာပဲ တချို့နေရာတွေမှာတော့ EAOတွေနဲ့ မြေပြန့်ကနေ ထွက်ပြေးလာတဲ့ ဗမာတွေကြား စည်းလုံးမှုဟာ အားတက်စရာ ကောင်းလောက်အောင် ခိုင်မြဲလာနေပါတယ်။ ပြည်မက ခုခံရေး အင်အားစု တချို့ကို EAOတွေက လေ့ကျင့်ပေးတာတွေ၊ ပြည်မကနေ ထွက်ပြေး တိမ်းရှောင်လာသူတွေကို ခိုလှုံခွင့် ပေးထားတာ၊ ပြီးတော့ ခိုလှုံလာသူတွေရဲ့ အရည်အသွေးတွေကို လူမှန်၊ နေရာမှန် အသုံးချပေးတာတွေလည်း ရှိနေပါတယ်။

ကွင်းဆင်း ဖွင့်လှစ်ထားတဲ့ ဆေးရုံတွေမှာ ဗမာ ဆရာဝန်တွေက တာဝန်ယူ ကြီးမှူးနေသလို EAOတွေရဲ့ ပညာရေးဌာနတွေမှာလည်း ပြည်မက ထွက်ပြေးလာတဲ့ ဆရာ၊ ဆရာမတွေ အများကြီးကို ခန့်အပ်ထားပါတယ်။ EAOတွေဟာ တရိပ်ရိပ် တိုးပွားလာတဲ့ CDMသမားတွေနဲ့ နိုင်ငံရေးအရ ခိုလှုံလာသူတွေအတွက် လုံခြုံရေး၊ စားဝတ်နေရေးတွေ ကူညီ ထောက်ပံ့ပေးပါတယ်။ တဖက်မှာလည်း လူသားချင်း စာနာမှု လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေ တိုးပွားလိုအပ်မှုတွေကလည်း ပိုပြီး အရေးတကြီး အခြေအနေတွေ ဖြစ်လာပါတယ်။

အဆုံးသတ် အနေနဲ့ ပြောရရင် မြန်မာနိုင်ငံမှာ လောလောလတ်လတ် ကြုံနေတဲ့ စိန်ခေါ်မှုကတော့ အနာဂတ် မရေရာမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပဲ့ကိုင် ထိန်းကျောင်းကြရမလဲ ဆိုတာပါပဲ။ သဘောတရား တူညီတဲ့ ပဋိပက္ခတွေ၊ ကြမ်းကြုတ်ရက်စက်မှုတွေကို သင်ခန်းစာ ယူကြည့်တဲ့အခါ ရှင်းလင်းပြီး သတင်းအချက်အလက် ပြည့်စုံတဲ့ ဆန်းစစ်မှုက မရှိမဖြစ် လိုအပ်နေပါတယ်။ အဖြေရှာမှုတွေ အတွက်ဆိုရင်တော့ ကွဲပြားတဲ့ ချဉ်းကပ်မှုတွေကို ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးဖို့၊ အတွေးအခေါ်တွေကို ဆန်းစစ်ဖို့၊ တိုးတက်မှုတွေကို ဖော်ဆောင်ဖို့ နေရာ အခင်းအကျင်းတွေ လိုပါတယ်။ ဝမ်းနည်းဖို့ ကောင်းတာက လောလောဆယ် မြန်မာနိုင်ငံမှာ အဲဒီလို နေရာ အခင်းအကျင်းတွေ ဖန်တီးမပေးနိုင်သေးပါဘူး။

လတ်တလောမှာ အကြောင်းအရာ စုံလင်ပြီး အထူးသဖြင့် ရင်းနှီးဖော်ရွေတဲ့ ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ခြေက အရမ်း အကန့်အသတ် ကြီးနေပါတယ်။ ထည့်စဉ်းစားရမှာတွေက (၁) တော်လှန်ရေး လှုပ်ရှားမှုနဲ့ ရည်ရွယ်ချက်တွေကို ပြည်သူလူထုက လေးလေးနက်နက် ထောက်ခံနေတဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ မတိုင်ခင် ဘယ်လို အခြေအနေနဲ့ သဘောတူညီမှုတွေ ထွက်ပေါ်လာနိုင်မလဲ (၂) ပိုအရေးကြီးတာက အဓိပ္ပါယ် ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ စတင်မလာခင် ဘယ်လို အခြေအနေမျိုးတွေ ဖြစ်ပေါ်နေသင့်သလဲ ဆိုတာတွေပါပဲ။

နောက်ထပ် အချက်တွေ အနေနဲ့ (၃) ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု အလွန်မှာ အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ဖူးတဲ့ လူငယ်မျိုးဆက်တွေက အချိန်ရဲ့ တိုက်စားမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်မှာလား (၄) ပဋိပက္ခတွေ အဆုံးသတ်သွားစေမယ့် လက်ခံနိုင်လောက်တဲ့ အဆုံးသတ်မျိုး ရှာမတွေ့ခင် မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာထိ ပျက်စီးသွားဖို့ နိုင်ငံတကာ အသိုက်အဝန်းက လက်ခံထားမှာလဲ (၅) ပြည်တွင်းစစ် အလွန်မှာ မြန်မာနိုင်ငံဟာ စစ်ကြောင့် ဖြစ်လာတဲ့ ကြမ်းတမ်း ရက်စက်မှုတွေရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘယ်လို ကုစားမှာလဲ။

အရေးကြီးတာက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ပစ်မှတ်ထား ချေမှုန်း တိုက်ခိုက်နေမှုတွေ ချက်ချင်း ရပ်တန့်နိုင်ရေးပဲ ဖြစ်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေအနေက အပြောအဆို မတတ်ရင် အသက်ပါ ပေးရနိုင်တဲ့ထိ ဆူပွက်နေပါတယ်။ လူမှုကွန်ရက် မီဒီယာ အားကောင်းလာတဲ့ မျက်မှောက်ခေတ်မှာတော့ ဆင်ခြင်တုံ တရားကို မကောင်းတဲ့ အကြံပေးမှုတွေက လွှမ်းမိုးထားပြီး စကားလုံး အသုံးအနှုန်းနဲ့ စွပ်စွဲမှု အတိုင်းအတာကအစ ပိုပြီး သတိထားသင့်နေပြီ ဖြစ်ပါတယ်။

 

(Bangkok Post သတင်းဌာနတွင် ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်ဟောင်း ဆာချားလ်စ်ပက်ထရီ ရေးသားထားသည့် Local Community Key to Delivering Myanmar Aid ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)