ရိုက်စ်ကို အသင်းမှာ ဆက်ထိန်းသိမ်းထားနိုင်ဖို့ မဖြစ်နိုင်သလောက်ပဲလို့ ဝက်စ်ဟမ်း မန်နေဂျာ ဝန်ခံ

မေ၊ ၁၃

လာမယ့်ရာသီမှာ အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်ကို ဆက်ထိန်းထားဖို့ အခွင့်အလမ်း အတော်နည်းသွားပြီလို့ ဝက်စ်ဟမ်း ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မွိုက်စ်က ဝန်ခံခဲ့ပါတယ်။

 အသက် ၂၄ နှစ်အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ထိပ်သီး အသင်းတွေ တော်တော်များများက လိုချင်နေတဲ့ စွမ်းဆောင်ရည်မြင့် ကစားသမား တဦး ဖြစ်ပါတယ်။ သူဟာ အခု ဘောလုံးရာသီကုန်မှာ ​ဝက်စ်ဟမ်းနဲ့ စာချုပ်သက်တမ်း တနှစ်သာ ကျန်တော့မှာဖြစ်ပြီး အသင်းဖက်က ဆန္ဒရှိရင် အဲဒီစာချုပ်ကို ၁ နှစ် အလိုအလျောက် သက်တမ်း ထပ်တိုးနိုင်မှာပါ။

ဒါပေမဲ့ ကစားသမား ကိုယ်တိုင်ကတော့ နောက်ထပ် နှစ်ရှည် စာချုပ်ချင်တဲ့ အသင်းရဲ့ ချဉ်းကပ်မှုတိုင်းကို ပယ်ချထားခဲ့ပြီး ဖြစ်ပါတယ်။
ရိုက်စ်ကို အသင်းမှာ ဆက်ရှိစေချင်ကြောင်း၊ ဝက်စ်ဟမ်း ကစားသမား တဦးအနေနဲ့ သူ့ကို မြင်ချင်မိကြောင်း၊ ဒါပေမဲ့ ဒီကိစ္စက ဖြစ်နိုင်ခြေ အတော်နည်းသွားပြီး မျှော်လင့်ချက် တခုထက် မပိုတော့ကြောင်း၊ သူဟာ အသင်းမှာ ဆက်မရှိလောက်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေက အတော် အားကောင်းနေကြောင်း မွိုက်စ်က ပြောကြားသွားပါတယ်။

ဝက်စ်ဟမ်းရဲ့ လူငယ် စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ ကွင်းလယ် ခံစစ် ကစားသမားဟာ အသင်းအတွက် ၂၀၁၇ ကစပြီး ပြိုင်ပွဲပေါင်းစုံ ၂၄၃ ပွဲထိ ကစားပေးထားပါတယ်။ ဒီရာသီမှာ သူဟာ ဝက်စ်ဟမ်းရဲ့ အတောက်ပဆုံး ကစားသမားအဖြစ် ပိုပြီး ထင်ရှားလာပါတယ်။

ရိုက်စ်ရဲ့ အနေအထားကို မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့လို အင်္ဂလန် ထိပ်တန်း ကလပ်တွေက အာရုံစိုက် စောင့်ကြည့်နေကြပြီး ဝက်စ်ဟမ်း အနေနဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား သတ်မှတ်သွားဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

 

Ref: BBC