ဒီချုပ်အမတ် ဒေါ်ဝင်းမြမြရက်စေ့လို့ အိုးဘိုထောင်ကလွတ်ပြီ

မေ၊ ၁၂

မန္တလေးတိုင်း၊စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်နေးာအတွက် အနိုင်ရ ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါ်ဝင်းမြမြဟာ မေလ ၁၂ရက် ဒီကနေ့မနက်မှာ ရက်စေ့လို့အိုးဘိုထောင်ကလွတ်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်

“ဖွားဖွား(ဒေါ်ဝင်းမြမြ)လွတ်တာဟုတ်ပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။

အသက် ၇၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်ဒေါ်ဝင်းမြမြကို စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခါနီးမှာ စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ ဒီချုပ်ပါတီရုံးရှေ့ကနေ ဖမ်းဆီးသွားတာပါ။

အဲ့ဒီနောက် ရာဇသတ်ကြီးဥပဒေပုဒ် ၅၀၅(က)နဲ့တရားစွဲဆိုပြီး ၂၀၂၂ခုနှစ်၊ဇွန်လကုန်မှာထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာပါ။

ဒေါ်ဝင်းမြမြဟာ ၂နှစ်နဲ့ ၃လနီးပါးအကျဉ်းချခံခဲ့ရပြီး အခုအချိန်မှာတော့ချမ်းအေးသာစံမြို့နယ်က နေအိမ်မှာရောက်ရှိနေတယ်လို့လည်းသိရပါတယ်။

စစ်အာဏာသိမ်းပြီးစ၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလမှာ စျေးချိုနားကသပြေညိုသပိတ်မှာတရားဟောတယ်ဆိုပြီးစစ်ကောင်စီကတရားစွဲပေမယ့်ဒေါ်ဝင်းမြမြကငြင်းဆိုတယ်လို့ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့လွတ်လပ်ရေးနေ့က ထောင်ဒဏ်ခြောက်လလျှော့ပေါ့ပေးစဉ်က ဒေါ်ဝင်းမြမြပါဝင်တဲ့အတွက်သုံးနှစ်မပြည့်ပဲမနေရပဲအခုလိုလွတ်မြောက်လာတာပါ။

ဒီချုပ်ပါတီမှာ ပါတီတည်ထောင်စကပင်ပါဝင်ခဲ့တဲ့ဒေါ်ဝင်းမြမြဟာ ဖမ်းဆီးခံစဉ်မှာ မန္တလေးတိုင်းဒီချုပ်ပါတီဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ယူထားပါတယ်။

မန္တလေးတိုင်းဒီချုပ်အစိုးရ အဖွဲ့ဝင်တွေထဲက၂၀၂၂ခုနှစ် မနှစ်က တိုင်းဝန်ကြီး‌တွေဖြစ်တဲ့ ဝန်ကြီး ဦးမျိုးသစ်နဲ့ ဒေါက်တာစိုးသန်းက ချုပ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။

အခုမေလထဲမှာ မန္တလေးတိုင်းဒီချုပ်အတွင်းရေးမှူး ဦးတင်ကိုကိုကိုလည်း ထောင်ကနေလွတ်မြောက်ဖို့ ရက်ပိုင်းအလိုသာ ကျန်တယ်လို့ တရားရုံးအသိုင်းဝိုင်းကနေ သိရပါတယ်လို့ BBC Burmese ကဖော်ပြထားပါတယ်။