မေ၊ ၁၂
အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ဟာ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၉၅)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီက နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီမုန်တိုင်းဟာ မေလ ၁၄ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံကျောက်ဖြူမြို့ကြား စစ်တွေ မြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီးမုန်တိုင်း အရှိန်ကြောင့် မေလ ၁၃ရက် (မနက်ဖြန်)ကနေ မေလ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှာ အမြင့်ဆုံး လေ တိုက်နှုန်း တနာရီ မိုင်(၁၀၀)ကနေ (၁၁၀)အထိ ရှိနိုင်တယ်လို့ မိုး လေဝသနဲ့ ဇလဗေဒဌာနက သတိပေးထားပါတယ်။
လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ အဲ့ဒီမုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေမှာ နေထိုင်တဲ့ပြည်သူတွေကို အရပ်ဘက်အဖွဲ့တွေနဲ့ ရခိုင့်တပ်တော် AA တို့က ကူညီရွှေ့ပြောင်းပေးတာတွေလုပ်နေသလို စစ်တွေမြို့မှာတော့ ဒီကနေ့ ဈေးဆိုင်ခန်းတွေပိတ်ထားကြတာမျိုးတွေရှိတယ်လို့သိရပါတယ်။
ရခိုင့်တပ်တော်(AA)အနေနဲ့ မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံစားရနိုင်ချေရှိတဲ့ ရခိုင်ပြည်နယ်အတွင်း ပင်လယ် ကမ်းအနီး မြေနိမ့်ပိုင်းဒေသ ကျေးရွာပေါင်း ၂၁ရွာက ပြည်သူတသောင်းကျော်ကို နေရောရွှေ့ပြောင်းပေးခဲ့သလို ဆေးဝါး အထောက်အကူပြုပစ္စည်းနဲ့ သက်ကယ်အင်္ကျီတွေထောက်ပံ့ထားတယ်လို့ AA ပြောရေးဆိုခွင့်ရ ခိုင်သုခကို ကိုးကားပြီး ရခိုင်ပြည်နယ်အခြေစိုက် Western News ကဖော်ပြထားပါတယ်။
ဒါ့အပြင် မုန်တိုင်းကာလအတွက် ရိက္ခာကြိုတင်ဝယ်ယူ စုဆောင်းကြတာမျိုးတွေလည်းရှိနေတာကြောင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီကတော့ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်လို့ သတိပေးမှုတွေ ရှိပေမယ့် အရေးပေါ်ရွှေ့ပြောင်းကြသူ အ များစုကတော့ အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြောင်းကြတာမျိုးတွေ လုပ်နေရပြီး စစ်ကောင်စီက ကူညီပေးတာမျိုးမရှိဘူးလို့ဆိုကြပါတယ်။
ဒါပေမယ့် စစ်တွေမြို့မှာ ဒီကနေ့ ဘေးအန္တရာယ်ကင်းရှင်းရေးပရိတ်၊ပဌာန်းရွတ်ဖတ်တာ၊ ရှင်ဥပ ဂုတ္တဖောင်တော် ပူဇော်တာတွေလုပ်တဲ့နေရာမှာတော့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကိုတွေ့ရပါတယ်။
အဲ့ဒီဆုတောင်းပွဲကို ရွှေစေတီဆရာတော်က ဦးဆောင်ပြုလုပ်ပေးခဲ့တာလို့ ဆရာတော်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြ ထားချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ဧရာဝတီတိုင်း စစ်ကောင်စီခန့်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ အာဏာသိမ်း စစ်တပ် တာဝန်ရှိသူတွေက ပုသိမ်မြို့နဲ့မော်တင်စွန်းတို့မှာ မုန်တိုင်း အန္တရာယ်ကင်းဝေးဖို့ လောကီအစီအရင် တွေ ပြုလုပ်ခဲ့တဲ့ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။