ဖင်လန်မှာ ယာယီတံတား ကျိုးကျပြီး ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် ဒဏ်ရာရ

မေ၊ ၁၂

ဖင်လန်နိုင်ငံမှာ ယာယီထိုးထားတဲ့ တံတားတစင်း ကျိုးကျမှုကြောင့် ဆယ်ကျော်သက် ကျောင်းသူကျောင်းသား အများစု အပါအဝင် လူနှစ်ဒါဇင်ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

 မေလ ၁၁ ရက်က မြို့တော် ဟယ်လ်ဆင်ကီးရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ အက်စ်ပူးမြို့မှာ မတော်တဆမှု ဖြစ်ပွားပြီး ကျောင်းသူကျောင်းသား ၂၆ ဦးနဲ့ ဆရာ ၁ ဦး ဒဏ်ရာရခဲ့တာပါ။ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ်ကြား လူငယ်တွေဟာ ကျောင်းလေ့လာရေး ခရီးစဉ်အဖြစ် အက်စ်ပူးကို ရောက်နေတုန်း မတော်တဆမှုနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။

 ဒဏ်ရာရပြီး ဆေးရုံရောက်နေသူ အများစုဟာ ခြေကျိုးလက်ကျိုးထားသူတွေဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဟယ်လ်ဆင်ကီး ဆေးရုံက ထုတ်ပြန်ပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း ရဲတွေက ပြောပါတယ်။

 ကျိုးကျတဲ့ ယာယီတံတားဟာ အနားမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုနဲ့ ဆက်စပ် အသုံးပြုဖို့အတွက် အထပ်သားတွေကို အဓိကသုံးပြီး တည်ဆောက်ထားတာလို့ သိရပါတယ်။

 လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေမှာတော့ ဒဏ်ရာရပြီး လမ်းပေါ် လဲကျနေတဲ့ ကျောင်းသူကျောင်းသားတွေကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြုစုပေးနေပုံတွေ တွေ့ရပါတယ်။

 သမ္မ ဆော်လီ နင်နီစတို အပါအဝင် ဖင်လန်နိုင်ငံရဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ် တော်တော်များများက ကလေးတွေ အနာတရ ဖြစ်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စာနာဝမ်းနည်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

 သမ္မတက အခုသတင်းကြောင့် တုန်လှုပ်မိပြီး အစိုးရအနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီနိုင်ဖို့ အပြည့်အဝ အာရုံစိုက် လုပ်ဆောင်နေကြောင်း Twitterမှာ ရေးသားထားခဲ့ပါတယ်။

 ဖင်လန်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် မတော်တဆမှုတွေက အတော်လေး ဖြစ်တောင့်ဖြစ်ခဲ ကြုံရတဲ့ အခြေအနေမျိုးလို့ ဆိုနိုင်ပြီး အခုလို အများအပြား ဒဏ်ရာရတဲ့ ကိစ္စမျိုးက ပိုပြီးတော့တောင် ရှားပါးပါသေးတယ်။