တောင်စလုံးတိုက်ပွဲမှာကျဆုံးတဲ့ တပ်ရင်းမှူးနဲ့ တပ်စုမှူးကို စစ်အခမ်းအနားနဲ့သဂြိုဟ်

မေ၊ ၁၁
 
ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာမှာ မေလ ၈ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း-၁၁ တပ်ရင်းမှူးနဲ့ ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးတို့ ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ဒီကနေ့ထုတ်ပြန်ပါတယ်။
 
မေလ ၈ ရက်က တောင်စလုံးကျေးရွာမှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ KNDF တပ်ရင်း – ၈ နဲ့ ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီဖဲဘူးမှာ မြင့်မြတ်စွာကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၈ က ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
 
ရဲဘော်ချာစ်ဘိုနီဖဲဘူးမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့တယ်လို့ မိခင်တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် အဲဒီနေ့က အပြင်းအထန်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ KNDF တပ်ရင်းမှူး အန်းဂျလို (လို)လည်း အပြင်းအထန် ဒဏ်ရာတွေရရှိခဲ့ပြီး မေလ ၉ ရက် နံနက်ပိုင်းမှာ ဆေးကုသမှု ခံယူရင်း ကျဆုံးသွားခဲ့တဲ့အတွက် ယမန်နေ့ မေလ ၁၀ ရက်မှာ ဈာပနအခမ်းအနား ကျင်းပခဲ့တယ်လို့ KNDF တပ်ရင်း ၁၁ က ထုတ်ပြန်ပါတယ်။
 
ကျဆုံးသူနှစ်ဦးရဲ့ စျာပနကို စစ်အခမ်းအနားနဲ့ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာတပ်ဖွဲ့တွေက အမိန့်ပြန်တမ်း ဖတ်ကြားခဲ့ပါတယ်။
 
“ ဒီရက်ပိုင်း လေယာဉ်တွေလည်း ရက်တိုင်းလာဝဲတယ်။ လက်နက်ကြီးတွေလည်း အဆက်မပြတ် ထုနေတာပဲ။ အဲဒီနေ့က တိုက်ပွဲတွေက အရမ်းပြင်းထန်တယ်။ အဲဒီနေ့က တိုက်ပွဲနဲ့ပဲ ကျွန်တော်တို့ တပ်ရင်းမှူး ကျသွားတယ်။ တချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာတွေလည်း ရှိနေတယ် ” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
မေလ ၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တောင်စလုံးတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့သလို နှစ်ဖက်တပ်ဖွဲ့တွေကြား ထိခိုက်ကျဆုံးမှုတွေ များပြားခဲ့တယ်လို့ ကရင်နီမြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
 
အဲဒီနေ့က တိုက်ပွဲနဲ့ ဒီရက်ပိုင်းတွေမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို အများအပြားပိုမိုအသုံးပြုခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တွေသာမက အရပ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
မေလ ၈ရက်က ကျဆုံးသွားတဲ့ KNDF -၁၁ တပ်ရင်းမှူး အန်းဂျလို (လို)ဟာ နိုင်ငံရေးခံယူချက်နဲ့ စစ်ရေးအမြင်များကို စံပြအဖြစ် လိုက်နာသူတဦးဖြစ်တယ်လို့ သူ့ရဲ့ရဲဘော်ရဲဘက်တွေက ပြောကြပါတယ်။
 
ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေဟာ ၃ လနီးပါး ကြာမြင့်ပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲတွေကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဟာ စားနပ်ရိက္ခာတွေ၊ ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ၊ စက်သုံးဆီတွေ လိုအပ်လျက်ရှိပါတယ်။
 
ကယားပြည်နယ်နဲ့ ရှမ်းကယားနယ်စပ်က တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၂ သိန်းခွဲ နီးပါးဟာ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ အခြေခံအသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေပါတယ်။
 
ဧပြီလအတွင်း ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့မှာ စစ်ကြောင်းတွေထိုးနေပြီး ကရင်နီပူးပေါင်းတပ်တွေနဲ့ နေ့စဥ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
 
ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲ နဲ့ ဒီးမော့ဆိုမြို့နယ်စစ်မျက်နှာတို့မှာ စစ်ကောင်စီတပ်ဟာ ဝေဟင်မှအသာစီးနဲ့ တိုက်လေယာဥ်တွေ၊ ရဟတ်ယာဥ်တွေအသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေပေမယ့် စစ်ကောင်စီတပ်တွေသာ အထိနာနေပါတယ်။
 
စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းက ပေါင် ၅၀၀ ဗုံးအပါအဝင် ဒုံကျည်တွေနဲ့ တိုက်ခိုက်မှု အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေပါတယ်။ 
ဓာတ်ပုံ – KNDF