ကနီကစစ်ရှောင်စခန်းတခုမှာ ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့်သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးရှိ

မေ၊ ၁၁
 
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ စစ်ဘေးရှောင်နေရတဲ့ အမြဲတမ်းစစ်ရှောင်စခန်းတခုမှာ ၂၀၂၃ ခုနှစ် ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့် နာမကျန်းဖြစ်ပြီး သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးအထိ ရှိလာတယ်လို့ ကနီမြို့က ဒေသခံတွေက ပြောပါတယ်။
 
” စစ်ရှောင်နေရာတွေက နွေရာသီ ရာသီဥတုက ပူတယ်။ ရေခမ်းခြောက်တဲ့အချိန်လည်း ဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေ နာမကျန်းဖြစ်ကြတယ်။ မသေသင့်ဘဲ သေကြတယ်။ ကနီက စစ်ရှောင်စခန်းတခုမှာဆို သက်ကြီးရွယ်အို ၇ ဦးရှိပြီ ဆုံးတာ ” လို့ ကနီမြို့က ကိုပြည့်အောင်နိုင်က ပြောပါတယ်။
 
သေဆုံးသူတွေဟာ အသက် ၇ဝ နဲ့ ၈၀ ကြား သက်ကြီးရွယ်အိုတွေဖြစ်တဲ့အပြင် အချို့စစ်ရှောင်တွေဟာ နာတာရှည်ဝေဒနာ ခံစားနေရသူတွေလည်းပါဝင်ပြီး အများစုဟာ အမျိုးသမီးတွေဖြစ်တယ်လို့လည်း ကိုပြည့်အောင်နိုင်က ပြောပါတယ်။
 
ပျမ်းမျှအပူချိန် ၄၀ ဒီကရီစင်တီဂရိတ်အထက်မှာရှိတဲ့ ကနီမြို့က စစ်ရှောင်စခန်းတွေဟာ တောတောင်တွေထဲမှာ အမိုးအကာကောင်းကောင်းမရှိဘဲ နေထိုင်ရတဲ့အတွက် အပူဒဏ်ကို ပိုပြီးခံစားနေရတယ်လို့လည်း ဆိုပါတယ်။
 
အဲဒီစစ်ရှောင်စခန်းမှာ ရှောင်နေတဲ့ လူဦးရေ ၈ဝဝခန့်ရှိပြီး စစ်ဘေးရှောင်နေရတာဟာ အချိန်ကာလအားဖြင့်တနှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး
 
စစ်ဘေးရှောင်ရတဲ့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ နေရေးစားရေးပါ ခက်ခဲလာတဲ့အပြင် ဆေးဝါးထောက်ပံ့မှု လိုအပ်သလောက်မလုပ်ပေးနိုင်ဘူးလို့လည်း သိရပါတယ်။
 
” ဓာတ်ဆားတထုတ်ကို လေးရာကျရင် လူရှစ်ရာအတွက် ကုန်ကျစရိတ်ကို မတတ်နိုင်ဘူး ” လို့လည်း ကိုပြည့်အောင်နိုင်က ပြောပါတယ်။
 
စစ်ရှောင်စခန်းတွေမှာ လေဒဏ်မိုးဒဏ်၊ အပူချိန်မြင့်မားတာနဲ့ ရာသီဥတုဖောက်ပြန်မှုတွေအပြင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုတွေကြား နေထိုင်ရတဲ့အတွက် စစ်ရှောင်သက်ကြီးရွယ်အိုတွေဟာ မသေသင့်ဘဲ သေရတယ်လို့လည်း ပြောပါတယ်။
 
“ အားနည်ကြတာများတယ်။ မူးတာ မော်တာ နေပူဒဏ်ကြောင့် အစာမစားချင်တာ အားနည်းတာ ဖြစ်လေ့ဖြစ်ထရှိတာတွေပဲ။ အဓိကပြသနာက ရာသီဥတုမကောင်းတော့ သက်ကြီးရွယ်အိုတွေက အစာအဟာရချို့တဲ့တာ။ တောထဲတောင်ထဲမှာ နေရတော့ ရာသီဥတုဒဏ်ကိုခံရတယ် “ လို့ သူက ဆက်ပြောပါတယ်။
 
ဒါ့အပြင် စစ်ရှောင်အရေးကူညီထောက်ပံသူတွေအနေနဲ့ကလည်း အချိန်ကာလကြာမြင့်လာတာနဲ့အမျှ အလှူရှင်က မရှိတော့တဲ့အခါမှာ လိုအပ်သမျှကို ကူညီထောက်ပံ့မှုမပေးနိုင်တော့ဘူးလို့လည်း စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။
 
“ ကျွန်တော်တို့အနေနဲ့က အခြားလုပ်ငန်းတွေလည်း လုပ်နေရတဲ့အနေထားရှိတယ်၊ လူရာချီပြီးတော့ ဒေါင့်စေ့အောင်လိုက်လုပ်ပေးဖို့ကြလည်း ကျွန်တော်တို့ဖက်မှာ အခက်အခဲတွေရှိတယ် ” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
 
ဒါ့အပြင် ကနီမြို့နယ်မှာ စစ်ရှောင်တွေ သောင်းနဲ့ချီရှိပြီး အများစုဟာ မသန့်ရှင်းတဲ့ရေကို သောက်သုံးနေရတဲ့အတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်မှာစိုးရိမ်ရပြီး သန့်ရှင်းတဲ့သောက်သုံးရေရရှိဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။
 
စစ်အာဏာသိမ်းမှုကို ခုခံမှုပြင်းထန်တဲ့ စစ်ကိုင်းတိုင်းကို စစ်ကောင်စီက လေကြောင်းကသာမက လက်နက်ကြီးတွေနဲ့ပစ်တာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
 
စစ်ကောင်စီက တနိုင်ငံလုံး မြို့ပေါင်း ၄၇ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၁၄ မြို့နယ်ပါဝင်ကာ လူပေါင်း ၁ ဒဿမ ၃ သန်းကျော် စစ်ရှောင်နေရပါတယ်။
 
ဒါဟာတနိုင်ငံလုံးက စစ်ရှောင်ပေါင်း နှစ်သန်းခြောက်သိန်းကိုးသောင်းကျော်ရဲ့ ထက်ဝက်ကျော်လည်း ဖြစ်ပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က စစ်ရှောင်စခန်းတခုက စစ်ဘေးရှောင်တွေကို မေလဆန်းက တွေ့ရစဥ်။​