KNU နယ်မြေထဲခိုလှုံနေတဲ့ စစ်ဘေးရှောင်လေးသိန်းကျော်အတွက် အကူအညီတွေလိုအပ်နေ

မေ ၊ ၁၁

စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအထိ နှစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေထဲ ခိုလှုံနေသူစစ်ရှောင်ဦးရေ လေးသိန်း ကျော်အထိ ရှိနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်အသိပေးပါတယ်။

ဒါ့အပြင်တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာ၊နဲ့စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသ ခံပြည်သူ တသိန်းကျော်လုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းခွင်တွေ ပျက်စီးခဲ့သလို လူဦးရေအမြောက်အများ စားဝတ်နေရေးနဲ့ ပါတ်သက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ ပုံမှန်လိုအပ်ချက်တွေအပြင် စစ်ကောင်စီက ရိက္ခာနဲ့ ဆေးဝါးသယ်ယူမှုတွေကို တင်း တင်းကျပ်ကျပ်စစ်ဆေးတားမြစ်မှုတွေလုပ်နေတာကြောင့်လည်း အခက်အခဲတွေပိုဖြစ်နေကြရတယ်လို့ ကရင် ပြည်နယ်၊သံတောင်မြို့ ဒေသတွင်းက စစ်ရှောင်တွေကို ကူညီနေသူတဦးကပြောပါတယ်။

“စစ်ရှောင်အတွက် မပြောနဲ့ သာမန်အရပ်သားတွေ ဆန်အိတ်ဝယ်ပြီး သယ်လာရင်တောင် စစ်ဆေးမှုတင်း ကျပ် ထားတယ်၊ ရစ်တယ်၊ ငွေတောင်းတယ်၊ ပေးမဖြတ်ဘူး၊အဲ့ဒီအခါကျတော့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့ ရိက္ခာ ဆေးဝါးဆို ဝေးပြီပေါ့၊ မရ ရတဲ့နည်းတွေ သယ်နေပေမယ့် လုံလောက်မှုမရှိဘူး”လို့သူကပြောပါတယ်။

စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ် ဗျူဟာကျင့်သုံးမှုကြောင့် စစ်ရှောင်တွေအနေနဲ့ အခက်အခဲပိုတွေ့နေကြရတဲ့အခြေ အနေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တရားဝင်ပေးနိုင် အောင် ဆောင်ရွက်ပေးဖို့လည်း အဲ့ဒီစစ်ဘေးရှောင်အရေးကူညီသူက တိုက်တွန်းပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို စောင့်ကြည့်ထုတ်ပြန်ပေးနေတဲ့ ISP Myanmar အဖွဲ့ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဧပြီလ ၂၀ရက်အထိနှစ်နှစ် ကျော် အတွင်း ပြည်တွင်းစစ်ဘေးဒုက္ခသည် (၂၇)သိန်းနီးပါးအထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် စစ်အာဏာမသိမ်းမီကတည်းက ပြည်တွင်း စစ်ဘေးဒုက္ခသည် ငါးသိန်းဝန်းကျင်ရှိနေ တဲ့ အပြင် အာဏာသိမ်းပြီးနောက် (၂၇)သိန်းနီးပါး ထပ်တိုးလာလို့ လက်ရှိနိုင်ငံတဝန်းမှာ စစ်ဘေးဒုက္ခသည် သုံးသန်း ကျော်အထိရှိလာတယ်လို့ ISP Myanmar ကဆိုပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်ပမာဏရဲ့ လေးပုံတပုံကျော်ဖြစ်တဲ့ လူဦးရေ ခုနစ်သိန်းနီးပါးဟာ အခုနှစ်လေးလတာကာ လအ တွင်း ထပ်တိုးလာတဲ့ စစ်ဘေးရှောင်တွေဖြစ်တယ်လို့ ISP Myanmar က ဧပြီလ နောက်ဆုံးပတ်အတွင်း ထုတ် ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေနဲ့ အခုနှစ်ဆန်း ဇန်နဝါရီလကနေ လက်ရှိအထိ ပြည်သူ (၈၅၀၀၀) အ တွက် လစဉ်စားနပ်ရိက္ခာတွေထောက်ပံ့ပေးနေပြီး စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်မှု၊ နေရာ ထိုင်ခင်းအတွက် အမိုးအကာ၊ဆေးဝါးမလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်းဆိုပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဝိုင်းဝန်း ကူညီပံ့ပိုးပေးမည့်သူတွေကို ကြိုဆိုနေပြီး အကူအညီပေးဖို့အတွက် သိရှိလိုတာတွေရှိရင် သတင်းနဲ့ပြန်ကြားရေး ဗဟိုဌာနကိုဆက်သွယ်မေးမြန်းဖို့လည်း ဖော်ပြထားပါတယ်။

KNU ထိန်းချုပ်နယ်မြေတွေထဲမှာ အခုနှစ်အတွင်း တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး လေးလအတွင်း စစ်အုပ်စုတပ် တွေနဲ့ KNU လက်အောက်ခံတပ်တွေကြား တိုက်ပွဲကြီးငယ်ပေါင်း (၁၆၄၂)ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

KNU လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ တလကို တိုက်ပွဲ လေးရာလောက်ပုံမှန်ဖြစ်နေပြီး တနေ့ တိုက်ပွဲ ဆယ်ကြိမ်ကျော်ဖြစ်နေတဲ့သဘောဖြစ်ပါတယ်။

အဲ့ဒီလေးလအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးလေးဦး၊ ဒု−တပ်ရင်းမှူးငါးဦးအပါအဝင် စစ်ကောင်စီတပ်နဲ့နယ်ခြားစောင့်(BGF)တပ်ဖွဲ့ဝင် စုစုပေါင်း (၁၇၀၀)ကျော်သေဆုံးကာ (၁၂၀၀)နီးပါး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

KNU လက်အောက်ခံတပ်တွေဖြစ်တဲ့ KNLA နဲ့ KNDO တပ်တွေဘက်ကတော့ လေးလအတွင်း (၅၉)ဦးကျဆုံးကာ  (၁၉၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။