မေ ၊ ၁၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း ရာဇဂြိုလ်ကျေးရွာဘက်မှာ ဒီကနေ့မတ်လ၁၁ရက်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားပြီး လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံထောင်ချီထွက်ပြေးနေရပါတယ်။
” သေနတ်သံတွေက မနက်သုံးနာရီကျော်ကစကြားရတာ။ ပြီးတော့စစ်တပ်က လေယာဥ်လာဝဲပြီးပစ်တယ်။ ရာဇဂြိုလ်နားက နန်းကျဥ်းဆောင်ရွာဘက်ကိုပစ်တယ်” လို့ ကလေးမြို့ဒေ သခံတဦးကပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးတယ်လို့ ဒေသခံတဦးကပြောပေမယ့်တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေအသေးစိတ်နဲ့ ထိခိုက်ကျဆုံးမူကိုတွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။
တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကလေကြောင်းကနေပစ်ခတ်တာကြောင့် ရာဇဂြိုလ်ကျေးရွာနဲ့နန်းကျဥ်းဆောင်ကျေးရွာက နှစ်ရွာကပြည်သူထောင်ချီပြီး ခုမနက်ပိုင်းမှာထွက်ပြေးတိမ်းရှောင်ကြရတယ်လို့သိရပါတယ်။
” တိုက်ပွဲဖြစ်ပြီး လေကြောင်းကနေပစ်တော့ ပြေးကြရတယ်။ ပဲသိမ်းချိန်ဆိုတော့ ပဲတွေလည်းပစ်ထားခဲ့ကြရတယ်” လို့ ဒေသခံတဦးကပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ ကလေးနယ်မြောက်ပိုင်းကို လေကြောင်းကနေတိုက်ခိုက်တာအပြင် စခန်းကြီးရွာကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ကလေးမြို့ကနေလည်း စစ်ကောင်စီအဖွဲ့ဝင်တွေပါတဲ့ ကားငါးစီးလည်း စစ်ကူသွားကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဧပြီလကစ လေကြောင်းတိုက်ခိုက်မူတွေစတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဧပြီလဆန်းပိုင်းမှာလည်း ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းချိန်ကနေစပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိကာလအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့Data For Myanmar ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ် ။
စစ်ကောင်စီရဲ့အာဏာသိမ်းတာကို လက်မခံဘဲ ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့အပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသလို လူပေါင်းခုနှစ်သိန်းဝန်းကျင်ဟာလည်း စစ်ရှောင်နေရပါတယ်။