ရခိုင်တိုက်ပွဲကာလမှာဖွင့်ခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေ အပစ်ရပ်ထားချိန်ထိ ငွေတောင်းကြမ်းနေ

မေ ၁၀ 

ရခိုင်ပြည်နယ်အတွင်း အများပြည်သူသွားလာနေတဲ့ လမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ခရီး သွားပြည်သူတွေ၊ ကားသမားတွေဆီကနေ ငွေကြေးတောင်းခံတာတွေ လုပ်နေလို့ အနှောင့်အယှက်ဖြစ်ကြရတယ်လို့ ကိုင်တိုင်ကြုံရသူတွေကDNA ကို ပြောကြပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော်(AA)နဲ့အပစ်ရပ်ထားပေမယ့်လည်း တိုက် ပွဲကာလတွေ တုန်းက ဖွင့်ထားခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေကို ပိတ်သိမ်းခြင်းမရှိဘဲ ငွေကြေးတောင်းခံတာတွေကိုပါ ထပ်တိုးလုပ် နေကြတာလို့ ဆိုပါတယ်။

“မြေပုံမြို့အဝင် ဂိတ်မှာ ပိုက်ဆံတွေ တောင်းစားနေကြတယ်၊အရင်ကပိုက်ဆံတောင်းတာ မရှိဘူး၊ လိုင်းဆွဲတဲ့ ကားသမားတွေဆိုရင် ပိုက်ဆံပုံမှန်ပေးကြရတယ်၊အစစ်အဆေးတွေလည်း ရှိတယ်”လို့ မြေပုံမြို့နယ်ကအမည်မ ဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန် – စစ်တွေ ကားလမ်းမပေါ် ကျောက်တော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်မှာလည်း ကားသမားတွေ၊ ကုန်တင်ကားတွေဆီကနေ ပိုက်ဆံတောင်းခံတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

“ဝါးတွေ၊ သစ်တွေ တင်လာတဲ့ကားတွေဆိုရင် ပိုက် ဆံတောင်းတယ်၊ တစီးတစီးကို သိန်းချီတောင်း တောင်း တယ်၊‘ဂိတ်၀မှာကျတော့ ပိုက်ဆံတောင်းတာမရှိဘူး၊ ပိုက်ဆံတောင်းခံရရင် တိုင်ကြားပါ’ အဲလိုမျိုး ရေးထား တယ်၊ တကယ့်တကယ့်ကျတော့ အဲကောင်တွေပဲ တောင်းနေတာ၊ မသင်္ကာရင် ပါလာတဲ့ကုန်တွေ အကုန်ဖောက် စစ်တယ်”လို့ ကိုယ်တိုင်ငွေကြေး တောင်းခံခဲ့ရတဲ့ ကားသမားတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန် – စစ်တွေကားလမ်း ရခိုင်ပြည်နယ်ရဲ့အစ အမ်းမြို့ကနေ စစ်တွေမြို့အထိ စစ်ဆေးရေးဂိတ်ပေါင်း ဒါဇင်နဲ့ချီ ဖွင့်လှစ်ထားပြီး တခြားသော မြို့ချင်းဆက်လမ်းတွေမှာလည်း ဂိတ်တွေဖွင့်ကာ ငွေကြေးတောင်းခံတာတွေလုပ်နေကြတာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံဖူးတဲ့ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA က ထိန်းချုပ်လွှမ်းမိုးထားတဲ့ နေရာတွေမှာလည်း AA တပ်ဖွဲ့ဝင်တွေက ဂိတ်တွေဖွင့်ထားပေမယ့် စစ်ကောင်စီတပ်သားတွေလိုမျိုး ကိုယ်ပိုင်ဝင်ငွေအတွက် ငွေကြေးတောင်းခံတာတွေ မရှိဘူးလို့ ပြောကြပါ တယ်။

“ရေလမ်းတွေမှာ AA ဂိတ်တွေရှိပါတယ်၊သူတို့ကကျတော့ အခွန်စာရွက်တွေနဲ့ အခွန်ကောက်တဲ့သဘောမျိုးတောင်းတယ်၊စစ်ကောင်စီစစ်သားတွေကကျတော့ သူတို့အတွက် တောင်းတာ၊ စာရွက်စာတမ်းနဲ့ တရားဝင် တောင်းတာ တခုမှ မဟုတ်ဘူး”လို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရော၊ AA စစ်ဆေးရေးဂိတ်ကိုပါ ဖြတ်သန်းဖူးတဲ့ သစ်လုပ်ငန်းရှင်၊ စက်လှေသမားတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ ရခိုင်ပြည်နယ်အပြင် တခြားသော ပြည်နယ်၊ တိုင်းတွေမှာလည်း အခုလိုမျိုး ခရီးသွား တွေဆီကနေ မတရား ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ AA တို့ နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ်ကနေစလို့ AA က ကိုယ်ပိုင်ထိန်းချုပ်နယ် မြေတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ကာ အခွန် ကောက်ခံတာတွေ လုပ်သ လို သူတို့ရဲ့ နယ်မြေထဲမှာ အုပ်ချုပ်ရေးယန္တရားတွေကိုလည်း စတင်တည်ဆောက်ခဲ့ပါတယ်။

ထို့အတူပဲ စစ်ကောင်စီတပ်ကလည်း တိုက်ပွဲတွေဖြစ်ပြီးနောက်မှာ အများပြည်သူတွေ သွားလာနေတဲ့ ကုန်းလမ်း၊ ရေလမ်း လမ်းမတွေ‌ပေါ် ဂိတ်တွေ အ မြောက်အမြား တိုးချဲဖွင့်လှစ်လာခဲ့တာဖြစ်ပါတယ်။