မေ၊ ၁၀
မြန်မာနိုင်ငံမှာ ရက်စက် ကြမ်းကြုတ်တဲ့ ဖြစ်စဉ်တွေ အမြန်ဆုံး ရပ်တန့်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ထိထိရောက်ရောက် ပေးပို့နိုင်ရေး ဝိုင်းဝန်း ကူညီကြဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့ အချိန်မျိုးနဲ့ တိုက်ဆိုင်ပြီး အင်ဒိုနီးရှား နိုင်ငံမှာ အာဆီယံ ထိပ်သီး ညီလာခံ ကျင်းပနေတာ ဖြစ်ပါတယ်။ မေလ ၁၀ ရက်မှာတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေက ကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့ရာမှာ ပြည်တွင်းက ရက်စက် ကြမ်းကြုတ်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုထားသလို ဘက်ပေါင်းစုံ ပါဝင်နိုင်မယ့် ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေး၊ လူသားချင်း စာနာမှု အထောက်အပံ့တွေ ဘေးကင်းကင်း ပို့ဆောင်နိုင်ရေးအတွက် သင့်တော်မယ့် ပတ်ဝန်းကျင်မျိုး တည်ဆောက်နိုင်အောင် စုပေါင်း အားထုတ်ကြဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။
ပြီးတော့ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှု ဖြစ်စဉ်တွေ အတောမသတ်နိုင်သေးဘဲ ဆက်လက် ဖြစ်ပွားနေတာကို ရှုတ်ချကြောင်းလည်း အာဆီယံ ခေါင်းဆောင်တွေက ကြေညာပါတယ်။ မကြာသေးခင်က သံတမန်တွေ လိုက်ပါသွားတဲ့ ထောက်ပံ့ရေး ယာဉ်တန်းတခု ပစ်ခတ်ခံရမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီးလည်း အာဆီယံ ခေါင်းဆောင်တွေက တသဘောတည်း ရပ်တည်ပြီး ရှုတ်ချခဲ့ကြပါတယ်။
မေလ ၉ ရက်နဲ့ ၁၀ ရက်တွေအတွင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ညီလာခံမှာ ထုံးစံအတိုင်း အာဏာသိမ်း စစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပြုခဲ့ပြန်ပါဘူး။ မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တဲ့နောက် အာဆီယံ အစည်းအဝေးတွေကနေ ချန်လှပ် ခံထားရတာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်က အတိုက်အခံ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပြင် အရပ်သား ပစ်မှတ်တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်လာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် အာဆီယံ အစည်းအဝေး ကျင်းပနေတာလည်း ဖြစ်ပါတယ်။
အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကတော့ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု ပြဿနာလို ကိစ္စတွေမှာ အာဆီယံ အဖွဲ့ဝင်တွေ အနေနဲ့ ညီညီညွတ်ညွတ်၊ တသဘောတည်း ညှိနှိုင်း ရပ်တည်သင့်ပြီလို့ တိုက်တွန်းခဲ့ပါတယ်။
အာဆီယံဟာ အရေးကြီးတဲ့ ကိစ္စတွေမှာ နှုတ်ပိတ်နေမလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ် အေးချမ်းမှုကို ယူဆောင်ပေးနိုင်တဲ့ အင်အားစုတခု အနေနဲ့ ရပ်တည်ပေးမလား ဆိုတာကို ရွေးချယ်ဖို့လိုကြောင်း၊ ဒါပေမဲ့ အဲဒီလို အင်အားစုမျိုး ဖြစ်လာဖို့ဆိုရင် အဖွဲ့ဝင် နိုင်ငံတွေ ညီညွတ်ဖို့ အရေးကြီးကြောင်း ဝီဒိုဒိုက ဆိုပါတယ်။
အာဆီယံဟာ မစွက်ဖက်ရေး မူဝါဒကို ကိုင်ဆွဲထားတဲ့အတွက် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး မင်းမူ ရမ်းကားနေမှုတွေကို ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။
ဒါ့အပြင် အာဆီယံ အနေနဲ့ မြန်မာ စစ်အာဏာရှင်တွေကို လက်ရှိထက်ပိုပြီး တင်းတင်းမာမာ ကိုင်တွယ်သင့်နေပြီဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အစည်းအဝေးမှာ မြန်မာ ကိုယ်စားလှယ် ထိုင်ခုံကို နေရာလွှတ်ထားရုံလောက် ဆိုတာက သမန်ကာလျှံကာ အားထုတ်မှုလောက်သာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း မာတီ နာတာလီဂါဝါက ပြောပါတယ်။
မြန်မာစစ်တပ်ကို ဖယ်ထုတ်ထားတယ် ဆိုတာက လုပ်သင့်လုပ်ထိုက်တဲ့ အဆင့်တွေထဲက တခုထက် မပိုဘူးလို့လည်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။
Ref: Reuters