လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သမီးတဦးအပါအဝင် PDF သုံးဦးကျတယ်လို့ထုတ်ပြန်

မေ၊ ၉
 
မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပြီးခဲ့တဲ့ မေလ ၇ ရက်က တိုက်ခိုက်ခဲ့တာကြောင့် ကျားဖြူတပ်ခွဲက စစ်သမီးတဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးပြီး လေးဦးဒဏ်ရာရတယ်လို့ ကျားဖြူတပ်ခွဲတပ်ရင်း ၁ က ဒီကနေ့ထုတ်ပြန်ပါတယ်။
 
ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စုမှာရှိတဲ့ ကျားဖြူစစ်ကြောင်းရဲ့ တပ်ရင်းစခန်းတခုကို စစ်ကောင်စီက လေယာဉ်နဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အခုလိုသေဆုံးခဲ့ကြရတာလို့ သိရပါတယ်။
 
အဲ့ဒီကျဆုံးခဲ့တဲ့သူတွေဟာ ကျားဖြူတပ်ခွဲ (၁) က PDF ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်တို့ဖြစ်ကြပါတယ်။
 
လေကြာင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သေဆုံးခဲ့ရသလို ကျားဖြူတပ်ရင်း (၁)စခန်းအတွင်း ကားတစီးနဲ့ အဆောက်အအုံအချို့ ပျက်စီးခဲ့ရတယ်လို့ ကျားဖြူတပ်ရင်းက ထုတ်ပြန်ထားတဲ့ပုံတွေအရ သိရပါတယ်။ 
ဓာတ်ပုံ – ကျားဖြူစစ်ကြောင်း