မေ၊ ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပထမဆုံးအကြိမ်အဖြစ် မေလ ၇ ရက်ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်သားသုံးဦး ကျဆုံးကာ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စုမှာရှိတဲ့ ကျားဖြူစစ်ကြောင်းရဲ့ တပ်ရင်းစခန်းတခုကို စစ်ကောင်စီက လေယာဉ်နဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် တလုံးသာပေါက်ကွဲပြီး ကျန်တလုံးကတော့ မပေါက်ကွဲဘူးလို့ သိရပါတယ်။
“ ညဘက် ၁၂ နာရီဝန်းကျင်လောက်၊ စခန်းတည့်တည့်ကို ကျတာ၊ အဲဒီစခန်းက ရွာနဲ့ နည်းနည်း အလှမ်းဝေးတယ်၊ အဲဒီဖြစ်တဲ့အချိန်မှာ ရွာကို မထိခိုက်ဘူး၊ ကျားဖြူစစ်ကြောင်း တပ်ရင်းပဲ ထိသွားတာပေါ့၊ ရဲဘော်သုံးဦး ကျသွားတယ် ” လို့ ကျားဖြူစစ်ကြောင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
DNA သတင်းဌာနအနေနဲ့ အဲဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးတပ်ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
တိုက်ခိုက်ခံရမှုမှာ ကျဆုံးတဲ့ ဒေသခံကာကွယ်ရေးတပ်သား သုံးဦးအနက် တဦးက ပွဲချင်းပြီးသေဆုံးကာ ကျန်နှစ်ဦးက သွေးထွက်လွန်ကာ သေဆုံးခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ပြီးနောက်တရက် မေလ ၈ ရက်မှာ ကျဆုံးသွားတဲ့ ဒေသခံကာကွယ်ရေးတပ်သားသုံးဦးရဲ့ စျာပနကို ဝါပသဲက ကျေးရွာက သုဿန်မှာ အသုဘချတရားနာချိန်မှာ ရဟတ်ယာဉ်နဲ့ ထပ်ပြီးလာပစ်သွားလို့ ဒေသခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရေးမြို့နယ်မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား မကြာခဏထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပေမယ့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျားဖြူစစ်ကြောင်း တပ်ရင်းဟာဆိုရင် ယခုဗုံးကြဲခံရတဲ့စခန်းကို ပြောင်းရွေ့လာတာ ၁၅ ရက် ဝန်းကျင်ခန့်သာ ရှိသေးပြီး ဒီလိုလေယာဉ်နဲ့ လာမတိုက်ခိုက် ၂ ရက်အလိုမှာ စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ ပျံဝဲနေတာကို ရှိတယ်လို့ ဆိုပါတယ်။
“ ဒီစခန်းအသစ်ကို ပြောင်းလာတာ သိပ်မကြာသေးဘူး၊ ၁၅ ရက်လောက်ပဲ ရှိသေးတာ၊ အဲဒီမတိုင်ခင်မှာလည်း ကင်းထောက်လေယာဉ်တွေ ခဏခဏပျံဝဲနေတာ သတိထားမိတယ်။ ကျွန်တော်အထင်ပြောရရင် အတွင်းလူ သတင်းပေးရှိလို့ များလားပေါ့။ ဒါကလည်း မသေချာပါဘူး။ ထင်တာပေါ့ ” ကျားဖြူစစ်ကြောင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ကားတစီးနဲ့ နေအိမ်အဆောင်တွေ ပျက်စီးခဲ့သလို အရပ်သားနေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့တွေက လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဝါပသဲရွာနေ အရပ်သားတွေက စိုးရိမ်ကြောက်လန့်နေကြပြီး တချို့က နီးစပ်ရာဆွေမျိုးတွေ နေအိမ်ဘက်ကို ပြောင်းရွေ့သွားကြတာရှိတယ်လို့ ရေးဒေသခံတဦးက ပြောပါတယ်။
“ အမတို့ကြားရတာက မနေ့က လေယာဉ်နဲ့ပစ်တာ ဝါပသဲဘက်က သုံးယောက်ဒဏ်ရာရသွားတယ်။ ၃၀ ကျော်အရွယ် အမျိုးသမီးက ဒဏ်ရာပြင်းထန်လို့ဆိုပြီး မော်လမြိုင်ကို ပို့ထားတယ်။ အိမ်တွေလည်း မီးလောင်ကြတယ်။ ထိတဲ့အိမ်တွေက ရွာအစွန်အဖျားဘက်ကလို့ ပြောကြတယ်၊ အယ်.. ပြောင်းနေကြတာပေါ့၊ တိတိကျကျတော့ အမတို့လည်း အများကြီး မသိရဘူးပေါ့၊ တချို့ကျတော့ သူ့အမျိုး၊ ကိုယ့်အမျိုးတွေ ရှိတဲ့ ရွာတွေဘက်က ပြောင်းနေကြတာတော့ ရှိတယ်၊ အမမေးကြည့်တော့လေ ” လို့ ပြောပါတယ်။
ရေးမြို့နယ်ဟာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ နယ်မြေဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တပ်ရင်း၊ တပ်စခန်း၊ စစ်ဆေးရေးဂိတ်၊ ယာဉ်တန်း၊ ကင်းစခန်းတွေကို မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး အဲဒီလိုမျိုးတိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးတွေ များပါတယ်။
ဒါကြောင့် ရေးမြို့နယ်ဘက်ကို စစ်ကောင်စီက တပ်အင်အားဖြည့်တင်းမှုနဲ့အတူ နယ်ခြားစောင့်တပ် (BGF) စစ်ကောင်စီ ဩဇာခံလက်နက်ကိုင်တပ်ဖွဲ့တို့ဟာ နေရာအနှံ့အပြားမှာ တပ်စွဲထားပြီး လုံခြုံရေး၊ စစ်ရေးမြှင့်တင်ထားကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားရာနယ်မြေဘက်ကို လိုက်လံရှာဖွေကာ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
ဓာတ်ပုံ – CJ