မကွေးတိုင်းက အမျိုးသမီးသုံးဦးအပါအဝင်ရှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့တရားစွဲ

မေ ၊ ၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နဲ့ သရက်မြို့နယ်ထဲကို စစ်ကောင်စီက တပတ်ကြာ စစ်ကြောင်းထိုးပြီးနောက် အမျိုးသမီးသုံးဦးအပါအဝင်ဒေသခံ (၈) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲနေတယ်လို့ သိရပါတယ်။ 

“ပို့ထားတဲ့ စာရင်းထဲကအတိုင်း ဆတ်လည်က ၃ ယောက်၊ လက်ပွက ၄ ယောက် ဖမ်းခေါ်သွားတယ်။ ဒီလူတွေကို သရက်မြို့မ ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရှိရပါတယ်။ ကြားရသလောက်က အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်ထားလို့ ဆိုပြီးတော့ အဲပုဒ်မနဲ့ အရေးယူမယ်”လို့ မင်းတုန်းမြို့နယ်ထဲက ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ အမျိုးသမီးသုံးဦးအပါအဝင်မင်းတုန်းမြို့နယ်၊ ရွာသစ်ရွာ ကတဦး၊လက်ပွကျေးရွာက လေးဦးနဲ့သရက်မြို့နယ်၊ ဆတ်လည်ကျေးရွာက သုံးဦး စုစုပေါင်းရှစ်ဦးကိုဖမ်းဆီးထားတာပါ။

ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့တွေ့ဆုံခွင့်ရ၊မရနဲ့ရှေ့နေငှါးရမ်းထုချေခွင့်ရ ၊မရဆိုတာ တိတိကျကျမသိရသေးပါဘူး။

ဧပြီလ ၂၈ ရက် စတင်ပြီး သရက်မြို့နယ်ထဲက ဆင်ကော်ကျေးရွာ၊ ဆတ်လည်ကျေးရွာ နဲ့ မင်းတုန်းမြို့နယ်ထဲက လက်ပွရွာ၊ မှိုက်ရွာတွေကို စစ်ကောင်စီရဲ့ တပ်မ ၆၆၊ ခလရ ၄၄၊ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ )၁၂ နဲ့ ကပစ ၁၃ စတဲ့ ပူးပေါင်းစစ်ကြောင်းရဲ့ အင်အား ၃၀၀ ခန့်ဟာ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ 

သရက်မြို့နယ်နဲ့ မင်းတုန်းမြို့နယ်ထဲက ရွာတွေကို စစ်ကြောင်းဖြန့်ခွဲပြီး စစ်ကြောင်းထိုးရာမှာ သရက်မြို့နယ် ၊ဆတ်လည်ကျေးရွာက ရပ်ကျေး NLD ဥက္ကဌဟောင်းရဲ့ အိမ်ကို လက်နက်ကြီးနဲ့ ပစ်ကာ ဝင်ရောက်ရှာဖွေ၊ ဖျက်စီးမှုတွေ လုပ်သလို အိမ်ဂရံကိုလည်း သိမ်းသွားပါတယ်။  

ဆတ်လည်ရွာမှ ဦးအောင်တိုးအပါအဝင် ဒေသခံ (၃)ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး ရိုက်နှိက်စစ်ဆေးမှုတွေ လုပ်ခဲ့ကာ တခြားရွာသားတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ပါသေးတယ်းလို့ သိရပါတယ်။ 

မင်းတုန်းမြို့နယ်ထဲက လက်ပွနဲ့ မှိုက်ကျေးရွာတွေက အိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးမှုတွေ လုပ်ခဲ့သလို ရွာသား (၄) ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ 

မေလ (၅)ရက်မှာ မင်းတုန်းမြို့နယ်၊ ပုသိမ်- မုံရွာ လမ်းမ အနောက်ခြမ်းရှိ အရှိုချင်းရွာဖြစ်တဲ့ ရွာသစ်ကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ပြီး ရွာသူ/သားတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းကာ စုစည်း ဖမ်းထားပါတယ်။ 

အဲဒီနောက် ရွာမှာ စျေးရောင်းတဲ့ မပါတီဆိုတဲ့ အမျိုးသမီးကို မတရားဖမ်းဆီး၊ ရိုက်နှက်ခဲ့ပြီး ရွာထဲကနေ တောထဲနဲ့ ငပြင်းရွာဘက်ကို ၈၁ မမ လက်နက်ကြီးနဲ့ အချက် (၂၀) ခန့် ရမ်းသမ်းပစ်ခဲ့ပါတယ်လို့ သိရပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် ငပြင်းရွာက ဒေသခံတွေဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ရပြီး ၂ ရက်ခန့် စစ်ရှောင်နေခဲ့ရပါတယ်လို့ သိရပါတယ်။ 

ဧပြီလ (၇) ရက်မှာ မပါတီကို ဖမ်းဆီးသွားကာ အဲဒီစစ်ကြောင်းဟာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးသွားတဲ့ ဒေသခံအရပ်သားတွေကို လက်ရှိမှာ သရက်မြို့မ ရဲစခန်းမှာ ချုပ်ထားပြီး အကြမ်းဖက်မှုအဖွဲ့နဲ့ဆက်သွယ်တယ်လို့ စွပ်စွဲကာ အကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“သူတို့ စစ်ကြောင်းထိုးတာက PDF တွေကြောင့်ပဲပေါ့။ ရှေ့မှာ မင်းတုန်း၊ ကျောက်တိုင်ရဲစခန်းကို တိုက်ခိုက်ထားတာ ရှိတယ်။ ဒီလပိုင်းထဲမှာပဲလေ။ ပြီးတော့ ဆင်ကော်ရဲစခန်းကို လက်နက်ကြီးနဲ့ သွားထုတာတွေ၊ လာတဲ့ စစ်ကားကို မိုင်းဆွဲတာတွေ လုပ်တာရှိတယ်။ သရက်မြို့နယ်၊ ဆတ်လည်၊ ဆင်ကော်၊ မင်းတုန်းမြို့နယ်၊ လက်ပွ၊ မှိုက်မှာ PDFတွေ ရှိမယ် ထင်လို့ စစ်ကြောင်းလိုက်ထိုးတာပါ။ ရွာသစ်ဘက်လည်း အဲလိုပဲပေါ့”လို့ နယ်ခံတဦးက DNA ကို ပြောပါတယ်။ 

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးနေစဉ်အတွင်း ဒေသခံအရပ်သား (၁၀) ဦးထက် မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေ လုပ်ပေးမဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အဲဒီရက်တွေမှာ မင်းတုန်းမြို့နယ်အတွင်းက CDM ဝန်ထမ်းတချို့ကို လိုက်လံဖမ်းဆီးမှုတွေ လုပ်တဲ့အတွက် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။ 

မင်းတုန်းမြို့နယ်ထဲက လက်ပွရွာနဲ့ မှိုက်ရွာဟာ အိမ်ခြေ ၁၅၀ ခန့်ရှိပြီး ၂၀၂၂ ခုနှစ် ၊စက်တင်ဘာလက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုမှာ အဲဒီရွာတွေက ဒေသခံ (၄၀) ခန့်ဟာ မတရားပုဒ်မတွေ တပ်ပြီး ထောင်ချခံခဲ့ရပါတယ်။ 

တချို့အရပ်သားတွေဟာ ၁၀ မှ ၁၅ နှစ် ဝန်းကျင်ခန့်အထိ မတရားထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အဲဒီရွာတွေဟာ စစ်တပ်ရဲ့ မကြာခဏ ဖမ်းဆီး ရိုက်နှက်မှုတွေ ကျူးလွန်ခံရတဲ့ ရွာတွေဖြစ်ပါတယ်။ 

လက်ရှိ သရက်နဲ့ မင်းတုန်းမြို့နယ်က ရွာတွေကို စစ်ကြောင်းထိုးတဲ့ အင်အား ၃၀၀ ခန့် စစ်ကြောင်းဟာ ဧပြီလ ၂၀ ရက်က မကွေးတိုင်း၊ မင်းလှမြို့နယ်ထဲက အနောက်ရိုးမတောင်ပေါ်ကို တပတ်ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ 

အဲဒီစစ်ကြောင်းဟာ ဧပြီလ ၂၂ ရက်က အိမ်ခြေ ၂၅ အိမ်ရှိတဲ့ အရှို့ချင်းရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ပါသေးတယ်။

စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ခုနှစ်၊မေလ ၈ရက်အထိလူပေါင်း၂၁၉၇၃ ဦးဖမ်းဆီးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPPကထုတ်ပြန်ထားပါတယ်။

အဲဒီလိုဖမ်းဆီးခံရသူတွေမှာ ဒီနှစ် ဧပြီလ ၃၀ရက်အထိ အမျိုးသမီးပေါင်း ၄၃၄၈ဦးပါဝင်ပြီး ၃၄၀၄ဦးကတော့ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့လည်းဆိုပါတယ်။