ဒေါက်တာဇော်မြင့်မောင် နေအိမ်ရှေ့ မနေ့ညက ဗုံးပေါက်ကွဲမှုဖြစ်ပွား

မေ ၊ ၉

မန္တလေးတိုင်း ၊အမရပူရမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီNLDရဲ့ ဒုတိယဥက္ကဌ ၂ဒေါက်တာဇော်မြင့်မောင်ရဲ့ နေအိမ်ရှေ့မှာ မနေ့က ညပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က မေလ ၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ အမရပူရမြို့နယ် ၊စစ်ကိုင်း – မန္တလေးလမ်းမကြီးပေါ်အိုးတော်ရပ်ကွက်ရှိ မန္တလေးတိုင်းဝန်ကြီးချူပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နေအိမ်ရှေ့လမ်းမပေါ်မှာ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

” ဆရာဇော်တို့ အိမ်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ မနက်ကအဲရှေ့ကဖြတ်တော့ တိုက်ခိုက်မှုရှိတဲ့ ပုံစံမျိုးတော့ မတွေ့ရဘူး။ သဲအိတ်တွေတော့ လမ်းပေါ်ချထားတယ်။ ဘာရွယ်ချက်နဲ့ ဘယ်သူတွေလုပ်တယ်ဆိုတာကတော့ အခုချိန်ဘယ်သူနေနေသိပါတယ်။ ဆရာဇော်ရဲ့ မီသားစုဝင်တွေကို ရည်ရွယ်လုပ်တာဆိုရင်တော့ အန္တရာယ်များတယ် ။သူတို့အတွက်လည်း စိတ်ပူမိတယ် ” လို့ အမရပူရမြို့ ဒေသခံ တဦးကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်နေအိမ်ကိုပြီးခဲ့တဲ့၂၀၂၁ခုနှစ်၊ဇွန်လမှာ ဗုံးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ဒီတကြိမ်ဟာ ဒုတိယအကြိမ်တိုက်ခိုက်ခံရတာဖြစ်ပေမယ့်နှစ်ကြိမ်စလုံးလူထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။

မဲစာရင်းအကြောင်းပြပြီးစစ်တပ်က ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှာ အာဏာသိမ်းရာမှာ ပါတီခေါင်းဆောင်လည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးရာမှာ ဒေါက်တာဇော်မြင့်မောင်လည်းပါဝင်ပါတယ်။

NLD ပါတီရဲ့ ဒုတိယဥက္ကဌ၂ဒေါက်တာဇော်မြင့်မောင်ဟာလက်ရှိမှာ အာဏာသိမ်းစစ်တပ်ကတရားစွဲဆိုပြီးမန္တလေးအကျဉ်းထောင် (အိုးဘို) မှာ ဖမ်းဆီးခံထားရပေမယ့် သူရဲ့ မိသားစုဝင်တွေကတော့ အမရပူရမြို့နယ်ရှိ နေအိမ်မှာပဲ ဆက်လက်နေထိုင်နေတာလို့ ဒေသခံတွေကဆိုကြပါတယ်။

ဒီလ ၅ ရက်နေ့ညပိုင်းကလည်း ၆၂ လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ NLD ပါတီတိုင်းရုံးကို စစ်အုပ်စုက စက်ယန္တယားတွေအသုံးပြုပြီး ဖျက်ဆီးခဲ့ပြီးနောက် ၃ ရက်အကြာမှာ ပါတီဒုဥက္ကဌ၂နေအိမ်ရှေ့မှာ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာပါ။

စစ်အုပ်စုကို ထောက်ခံအားပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မနေ့ကညပိုင်းက NLD ပါတီအားပေးထောက်ခံသူတွေရဲ့နေအိမ်တွေကို PDF တွေက ဗုံးလိုက်ခွဲနေတယ်လို့ သတင်းတွေဖြန့်နေပါတယ်။

” သွေးသောက်အဖွဲ့အမည်ခံပြီး NLD ပါတီဝင်တွေကိုလိုက်သတ်နေတာလည်း စစ်တပ်အားပေးထောက်ခံသူတွေပဲ။ PDF က NLD ကိုတိုက်ခိုက်တယ်ဆိုတာဖြစ်နိုင်ပါမလားဗျ။ အခုရက်ပိုင်းအမရပူရမြို့ထဲ သူတို့ (စစ်အုပ်စု)တိုက်ခိုက်ခံရတာများတော့ ပြန်ခြိမ်ခြောက်တဲ့သဘောနဲ့လုပ်နေတယ်လို့ ထင်တယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။ 

ဒီလအစောပိုင်းတုန်းကတော့ အမရပူရမြို့နယ် ရဲစခန်းအပါအဝင် လဝကရုံးကို ဒေသကာကွယ်ရေး ပျောက်ကြားအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် တဦးရဲ့ ခြောက်နှစ်အရွယ်ကလေးငယ်တဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်းရှိပါတယ်။

သွေးကင်ဆာရောဂါခံစားနေရတဲ့  အသက် ၇၂ နှစ်အရွယ်ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အမှု ၉ မှုနဲ့ တရားစွဲဆိုပြီး ထောင် ၂၆ နှစ်ချမှတ်ထားတယ်လို့ သိရပါတယ်။

၁၉၉၀ပြည့်နှစ်၊ ရွေးကောက်ပွဲမှာအနိုင်ရခဲ့သူ ဒေါက်တာဇော်မြင့်မောင်ဟာ အဲဒီတုန်းကစစ်အစိုးရက ဖမ်းဆီးတာကြောင့် ၁၉နှစ်ကြာ အကျဉ်းချခံခဲ့ရသလို၁၉၉၀၊ ၂၁၀၂၊၂၀၁၅နဲ့ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲလေးကြိမ်ဆက်အနိုင်ရထားသူလည်းဖြစ်ပါတယ်။

ပုံစာ-ဒီချုပ်ပါတီ ဒုတိယဥက္ကဌ၂ ဒေါက်တာဇော်မြင့်မောင်နေအိမ်ကို ဒီကနေ့ မတ်လ၉ရက် မနက်ပိုင်းကတွေ့ရစဉ်။