ရီးရဲလ်ကို ကလဲ့စားချေဖို့ တွေးမထားကြောင်း ဂွာဒီယိုလာဆို

မေ ၊ ၉

ကလဲ့စားချေမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင် ကစားသွားမှာ မဟုတ်ကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ပက်ပ် ဂွာဒီယိုလာက ပြောပါတယ်။

 ပြီးခဲ့တဲ့နှစ်က ဥရောပ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲမှာ အဲဒီနှစ်သင်း တွေ့ဆုံခဲ့တုန်းက စီးတီးဟာ နှစ်ကျော့ပေါင်း ပွဲပြီးခါနီး နောက်ဆုံးမိနစ်ထိ ၅-၃ ဆိုတဲ့ ရလဒ်နဲ့ အသာရပြီး ဗိုလ်လုပွဲနဲ့ အရမ်းနီးကပ်နေခဲ့ပါတယ်။ ဒါပေမဲ့ စပိန်ထိပ်တန်း ကလပ်က အံ့ဩစရာ ကောင်းလောက်အောင် တုံ့ပြန် တိုက်ပွဲဝင်ပြီး ရလဒ်ကို ပြောင်းပြန်လှန်ခဲ့သလို ဗိုလ်လုပွဲမှာလည်း အနိုင်ရပြီး ဥရောပ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

 အံ့ဩစရာ အလှည့်အပြောင်းကြောင့် ဥရောပ ချန်ပီယံ ဖြစ်ခွင့် မျှော်လင့်ချက်ကို ဖျက်ဆီး ခံလိုက်ရတဲ့ စီးတီးဟာ အခုရာသီမှာလည်း ရီးရဲလ်နဲ့ နောက်တကြိမ် ကြုံဆုံလာပြန်ပြီ ဖြစ်ပါတယ်။

 စပိန်သား မန်နေဂျာ ဂွာဒီယိုလာ ဦးဆောင်တဲ့ စီးတီးဟာ အခုရာသီ အဓိက ဆုဖလား ၃ လုံးစလုံး သိမ်းကြုံးဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပြီး အဲဒီ ရည်မှန်းချက်အတွက် အခက်ခဲဆုံး အတားအဆီးကတော့ ရီးရဲလ် ဖြစ်နိုင်ပါတယ်။

 ဂွာဒီယိုလာက သူဟာ ရီးရဲလ်ကို ကလဲ့စားချေဖို့ ရင်ဆိုင်မှာ မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ အခွင့်အလမ်း တရပ်ကို ဖန်တီးဖို့ အတွက်သာ ရင်ဆိုင် ကစားသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အတိတ်က ကိစ္စတွေက ပြင်မရဘဲ ပြီးဆုံးခဲ့ပြီ ဖြစ်သလို အခုအချိန်မှာ အဲဒီ အကြောင်းတွေ ပြန်တွေးနေတာက အမှားကြီး တခုလို့ ယူဆနိုင်ကြောင်း၊ အရေးကြီးတာက စီးတီးဟာ ပြီးခဲ့တဲ့ ရာသီမှာ ကြုံခဲ့တာတွေကို သင်ခန်းစာ ယူဖို့သာဖြစ်ပြီး ကလဲ့စားချေဖို့ မဟုတ်ကြောင်း၊ စပိန်မြေမှာ ကောင်းကောင်း ကစားပြီး အိမ်ကွင်း မန်ချက်စတာမြေမှာ ရင်ဆိုင်ရမယ့် ဒုတိယ အကျော့အတွက် မျှော်လင့်ချက်တွေ ဖန်တီးယူရမှာဖြစ်ကြောင်း ဂွာဒီယိုလာက ဆိုပါတယ်။

 စီးတီးဟာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ကို ရီးရဲလ်ရဲ့ ဘာနေဘောင်း ကွင်းကြီးမှာ အခုသီတင်းပတ် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်နေပါတယ်။ တခြား အကြိုဗိုလ်လုပွဲမှာတော့ အီတလီနိုင်ငံ၊ မီလန်မြို့ အခြေစိုက် ထိပ်တန်း ကလပ်တွေ ဖြစ်ကြတဲ့ အေစီမီလန်နဲ့ အင်တာမီလန်တို့ ထိပ်တိုက် တွေ့ဆုံနေကြပါတယ်။