အင်းတော်ကပဲစိုက်တောင်သူတွေ စစ်ကောင်စီတပ်ကြောင့် ရိတ်သိမ်းဖို့အခက်တွေ့နေ

မေ၊ ၈

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေ နှစ်လကျော်ကြာ တပ်စွဲထားတာကြောင့် အဲ့ဒီ့ရွာကနေတိမ်းရှောင်လာရတဲ့ပဲစိုက်တောင်သူတွေဟာ သူတို့စိုက်ပျိုးထားတဲ့မြေပဲခင်းတွေကိုပြန်လည်မရိတ်သိမ်းနိုင်ပဲဖြစ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

“အဲ့မှာမတ်လ ၂ဝလောက်ကစပြီးကတုတ်ကျင်းတွေတူး၊ဘန်ကာတွေအခိုင်အမာဆောက်ပြီးနေနေတာအောင်ကုန်းနံ့သာမှာကတိုက်ပွဲကခနခနပဲ။လေယာဉ်တွေနဲ့လဲခနခနအကြဲခံရတယ်။ရွာသားတွေဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိတယ်ဆိုတော့ရွာသားတွေကစစ်တပ်ဝင်လာထဲကရှောင်နေရတာ ၂ လကျော်ပြီ” လို့ အင်းတော်ဒေသခံတဦးက DNAကိုပြောပါတယ်။

လက်ရှိမှာတော့ အောင်းကုန်း၊နန့်သာ၊အင်ပင်နဲ့ တုံ့တော်ရွာက ဒေသခံ ခြောက်ထောင်နီးပါး စစ်ကောင်စီတပ်တွေကြောင့်တိမ်းရှောင်နေကြရပြီး အဲ့ဒီ့ရွာတွေဟာအဓိကမြေပဲစိုက်ပျိုးပြီးအသက်မွေးကြ တဲ့သူတွေဖြစ်တဲ့အတွက် အခုလိုအခက်အခဲကြုံနေကြရတာလို့ဆိုပါတယ်။

တောင်သူတွေကျန်ခဲ့တဲ့မြေပဲစိုက်ခင်းတွေဟာအဲ့ဒီ့ရွာတွေအနီးမှာဧကရာဂဏန်းနီးပါးအထိရှိနေပြီးတော့စိုက်ပျိုးရေးကိုအဓိကအားထားစားသောက်နေရတဲ့အတွက်သီးနှံဆွတ်ချိန်မမှီရင်လေလွင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်လာမှာကိုတောင်သူတွေကစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်။

“ပဲဈေးက အစိုဆိုရင် နှစ်သောင်း ၊အခြောက်ဆိုနှစ်သောင်းခွဲ။တဧကပဲတွက်ကြည့်မနည်းဘူးလေ။ခုကသူတို့ကအိမ်တွေမှာပါဝင်နေ(ထိုင်)တယ်၊စပါးတွေလဲယူပြီးစားသောက်နေတာပဲရှိတာတွေကို၊အုပ်ချုပ်ရေးမှူးလဲခန့်ထားပြီးသူတို့အတွက်ရိက္ခာဝယ်ခိုင်းတာတွေဘာတွေလုပ်ပေးခိုင်းတယ်၊သူတို့ဖက်ကရွာထဲပြန်ဝင်ကောင်းကောင်းမွန်မွန်နေပါမယ်ဆိုပေးရိတ်မယ်ဆိုပြီးအသံလွှင့်နေပေမယ့်ဒီလောက်သတ်ဖြတ်နေတာဘယ်သူကပြန်ရဲမှာလဲ”လို့အင်းတော်ဒေသကစစ်ရှောင်တဦးကထပ်ပြောပါတယ်။

အဲ့ဒီ့စစ်ကောင်စီတပ်တွေဟာဧပြီလ၃ဝရက်ကအောင်းကုန်းနဲ့တုံ့တော်ရွာကအရပ်သားတွေရဲ့နေအိမ်အလုံး၂ဝခန့်ကိုမီးရှို့ဖျက်ဆီးခဲ့သလိုမတ်လထဲမှာလဲအင်းတော်မြို့နယ်၊မံဟဲရွာကဒေသခံငါးဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့တပ်တွေဖြစ်တယ် လို့လဲဒေသခံတွေကအတည်ပြုထားပါတယ်။

လက်ရှိမှာတော့အဲ့ဒီရွာတွေကိုပြန်ဝင်လာတဲ့ပြည်သူအနည်းငယ်သာရှိပြီး အများစုကတော့ ကြောက်လန့်နေတဲ့အတွက် သက်ဆိုင်ရာကျေးရွာတွေကိုပြန်မသွားရဲကြသေးဘူးလို့လည်း ဒေသခံ တွေက ဆိုကြပါတယ်။

စိုက်ပျိုးထားတဲ့မြေပဲတွေကိုစစ်ကောင်စီတပ်တွေဟာလက်သင့်ရာသူတွေခေါ်ပြီးရိတ်သိမ်းရောင်းစားနေတာတွေလဲရှိနေတဲ့အတွက်လည်းဒေသခံမြေပဲစိုက်တောင်သူတွေကသူတို့အခင်းတွေပျက်ဆီးဆုံးရှူံးမှာကိုပိုပြီးစိုးရိမ်နေကြရတဲ့အခြေအနေရှိနေတယ်လို့လည်းဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။