မေ၊ ၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်၊ ထောက်ရှာအိုင်ရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံခြေမြန်တပ်ရင်း- ၃၆၁ရဲ့ စစ်ကောင်စီစစ်ကြောင်းကို ရွာပြင်မှာ တိမ်းရှောင်ရင်း ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ရွာသား (၁၅) ဦးခုချိန်ထိပြန်လည်မလွတ်မြောက်လာသေးဘူးလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။
“မနေ့ကမနက်ပိုင်းကစစ်ကြောင်းဝင်ရောက်လာပြီး မနက်၅ခွဲလောက်ကပစ်ခတ်တာတွေရှိတယ်။တရွာလုံးမွှေနှောက်သွားပြီးတော့ မနက်ရနာရီမှာစပြီးမီးရှို့ခဲ့တာ ။၈နာရီ၊ မိနစ်၄ဝလောက်စစ်ကြောင်းထွက်ချိန်မှာစစ်ရှောင်တွေကိုဖမ်းခေါ်သွားတာ “လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအသင်းက DNA ကိုပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘယ်သူတွေဆိုတာ၊ အသက်အရွယ်နဲ့ အမျိုးသမီး၊ အမျိုးသားဘယ်လောက်ပါတယ်ဆိုတာမသိသေးဘူးလို့ လည်းဆက်ပြောပါတယ်။
အဲဒီကျေးရွာဟာ လက်ရှိစစ်ကောင်စီတပ်တွေ ရဲ့စစ်ကြောင်းအထိုင်နဲ့နီးကပ်နေတာကြောင့် မီးလောင်အိမ်ခြေအတိအကျကိုမသိရသေးသလို အနီးအနားက ကျေးရွာတွေကပါ စစ်ရှောင်နေရပေမယ့်အရေ အတွက်ဘယ်လောက်ရှိတယ်ဆိုတာမသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားတဲ့စစ်ရှောင်တွေကို သူတို့ (စစ်ကောင်စီတပ်)တွေစစ်ကြာင်းသွားရာတလျှောက်ကိုခေါ်သွားတာဖြစ်တယ်လို့ ယူဆတယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအဖွဲ့ကကိုညီကပြောပါတယ်။
“စစ်ကောင်စီကလူသားဒိုင်းအဖြစ်ဖမ်းရင်ပြန်လွှတ်တာကရှားတယ် သတ်ပစ်တာကများတယ် ။ဒါကလူ့အခွင့် ရေးချိုးဖောက်မှုကိုတောင်ကျော်သွားပြီ ဖက်စစ်ဆန်ဆန်လုပ်ဆောင်နေတာကို ကျွန်တော်တို့အနေနဲ့အပြင်းအထန်ကန့်ကွက်တယ်”လို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တာတိုင်ကျေးရွာမှာဆိုရင် ပြီးခဲ့တဲ့ မတ်လဆန်းက စစ်ကောင်စီစစ်ကြောင်း အရပ်သား ၁၅ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံရွာက ဒေသခံ၂၁၂ ဦးကို ဖမ်းဆီခေါ်ဆောင်သွားခဲ့ပြီးရေမဆေးကျောက်ရှာဖွေသူ တဦးကတော့ မဇွပ်ယန်ထောင် စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ပါတယ်။
အလားတူပဲ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်ကောင်စီတပ်တွေက မနေ့က မေ ၆ ရက်မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ကလေးတွေအပါအဝင် အရပ်သား ၈၀ ခန့်ကို ဖမ်းဆီးထားခဲ့ပေမယ့် စစ်ကြောင်းပြန်ထွက်ချိန်မှာ လွှတ်ပေးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းစတင်တင်ရောက်ချိန်တွေမှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောင်းပြန်လည်ထွက်ခွာချိန်တွေမှာ ပြန်လည်လွှတ်ပေးတာတွေရှိသလို့ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီးသတ်ဖြတ်တဲ့ဖြစ်စဉ်တွေလည်းရှိတာကြောင့် မိသားစုဝင်တွေအနေနဲ့စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒေသခံတွေကတောထဲမှာတဲထိုးပြီးစစ်ရှောင်နေကြရတာ ။စစ်ကြောင်းကအဲ့ဒီနေရာကိုဖြတ်တော့ တွေ့တဲ့သူဖမ်းခေါ်သွားတာ ။စစ်တပ်ကဖမ်းရင်ပြန်မလွတ်ပဲသတ်ပစ်တာများတော့ဖမ်းခံရသူတွေအတွက်ကျွန်တော်တို့စိုးရိမ်တယ်”လို့ဒေသခံတဦးကပြောပါတယ်။