မလေးကနေ ပြန်ပို့ခံရတဲ့ CDM ရေတပ်အရာရှိခြောက်ဦးထဲက တဦးနှိပ်စက်ခံနေရတယ်လို့ဆို

မေ၊ ၈
 
မလေးရှားနိုင်ငံကနေ မြန်မာပြည်ကို ပြန်ပို့ခံရတဲ့ CDM ရေတပ်အရာရှိခြောက်ဦးအနက် တဦးဟာ ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်စခန်းမှာ နှိပ်စက်ခံနေရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားကော်မတီ MMWC (မလေးရှား)ထံက သိရပါတယ်။
 
” အရာရှိတယောက်ရဲ့မိသားစုနဲ့ ကျမတို့ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ ဒီလိုတွေဖြစ်နေပါပြီဆိုပြီး ပြောတယ်၊ ကူညီပေးပါအုံးဆိုပြီးတော့ အကူအညီတောင်းတယ်။ အဲ့အရာရှိလေးက သန်လျင်ရေတပ်စခန်း အချုပ်ထဲမှာရှိတယ်။ ချုပ်နှောင်ထားပြီး မိဘတွေနဲ့လည်း အဆက်အသွယ်မပေးဘူး။ အထဲမှာလည်း ရိုက်နှက်နှိပ်စက်ခံရတယ်။ ခုက အဲ့တယောက်ပဲ ကျမတို့ဆီ သတင်းရောက်တာ ” လို့ မလေးရှားနိုင်ငံအခြေစိုက် MMWC က ဒေါ်သူဇာအောင်က DNA ကိုပြောပါတယ်။
 
အဲဒီအရာရှိရဲ့ နာမည်နဲ့ရာထူးကိုတော့ MMWC က ဒေါ်သူဇာအောင်က မပြောကြားပါဘူး။
DNA သတင်းဌာနအနေနဲ့ အဲဒီရေတပ်အရာရှိရဲ့မိသားစုနဲ့ တိုက်ရိုက်ဆက်သွယ်မှု မရသေးသလို ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတယ်ဆိုတာ မသိရသေးပါဘူး။
 
သူအပါအဝင် ရေတပ်အရာရှိခြောက်ဦးဟာ အာဏာသိမ်းစစ်တပ်ကို စွန့်ခွါပြီး မလေးရှာနိုင်ငံကနေတဆင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှာ ခိုလှုံခွင့်လျောက်ထားနေတဲ့အချိန်မှာပဲ ဖမ်းဆီးခံခဲ့ရတာပါ။
 
အဲ့ဒီနောက်၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ မလေးရှားအစိုးရက မြန်မာနိုင်ငံသား ၁၅၀ ကို ပြန်လည်ပို့ဆောင်ရာမှာ ပါဝင်တဲ့ ရေတပ် CDM ခြောက်ဦးထဲက တဦးဖြစ်တယ်လို့လည်း မိသားစုဝင်တွေဘက်ကရော MMWC ကပါ အတည်ပြုထားပါတယ်။
 
မိသားစုဝင်တွေဘက်ကတော့ ဘယ်မှာရှိတယ်ဆိုတာ သိထားပေမယ့် တွေ့ဆုံခွင့်မရတဲ့အခြေအနေတွေရယ်၊ အချုပ်ခန်းအတွင်း နှိပ်စက်ရိုက်နှက်ခံနေရတဲ့ အခြေအနေတွေကြောင့် အမြန်ဆုံးလွတ်မြောက်အောင် အကူအညီပေးကြဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ကျန်တဲ့ရေတပ် CDM တဦးဖြစ်တဲ့ ဦးကျော်လှနဲ့ ဇနီး အပါအဝင်ငါးဦးကတော့ အခုအချိန်အထိ ဘယ်လိုတရားစွဲဆိုထားတယ်ဆိုတာနဲ့ ဘယ်မှာဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာကို မသိရသေးပါဘူး။
 
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမတ်ဖြစ်သူ ဒေါက်တာနိုလင်းဟေဇာကကတော့ အဲ့ဒီ့ဖြစ်ရပ်အပြီး ဇွန်လပိုင်းလောက်မှာပဲ နိုင်ငံရေးခိုလှူံခွင့်တောင်းဆိုသူတွေအပါအဝင် မြန်မာနိုင်ငံသားတွေကို နေရပ်အတင်းအကြပ်ပြန်ပို့တာတွေ မလုပ်ဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်ဖက်လူ့အခွင့်အရေးအဖွဲ့တွေကလည်း အဲဒီလိုနေရပ်အတင်းအကြပ်ပြန်ပို့တာကို ကန့်ကွက်ကြောင်း ကြေညာချက်အသီးသီးထုတ်ပြန်ခဲ့ပါသေးတယ်။ 
ဓာတ်ပုံ – Internet
ပုံစာ – ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရစဥ်။​