ပေါက်တောမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်လို့ လူလေးထောင်နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်

မေ၊ ၈
 
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာရှိတဲ့ ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မနေ့က မီးလောင်မှုဖြစ်လို့ မိသားစုငါးရာကျော်၊ လူဦးရေ ၃၇၀၀ ကျော်ရဲ့ နေအိမ်တွေ ပျက်စီးခဲ့ပြီး စားနပ်ရိက္ခာအပါအဝင် အသုံးအဆောင်တွေ လောင်ကျွမ်းပျက်စီးသွားတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ အဲ့ဒီစခန်းမှာ နေထိုင်သူတွေက ပြောကြပါတယ်။
 
မီးလောင်မှုဟာ မနေ့က ညနေခြောက်နာရီဝန်းကျင်ကစလို့ ညကိုးနာရီလောက်အထိ သုံးနာရီနီးပါး လောင်ကျွမ်းခဲ့တာကြောင့် ရှစ်ခန်းတွဲအဆောင် ၃၅ လုံးနဲ့ လုံးချင်းတဲအိမ် ၂၅၀၊ စုစုပေါင်း မိသားစု ၅၃၀ ရဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ စခန်းတာဝန်ခံ ဦးကျော်ဇောက DNA ကို ပြောပါတယ်။
 
“ ကျွန်တော်တို့ ဘ၀ပျက်သွားပြီလေ၊ နေစရာမရှိတော့ဘူး၊ ရထားတဲ့ ထောက်ပံ့ကြေးတွေနဲ့ ဝယ်ထားတဲ့ စပါးတွေ၊ ဆန်တွေ၊ ပဲတွေ အကုန်လုံး မီးထဲပါသွားပြီ၊ သူတို့ကို အမြန်ဆုံး အဆောက်အဦးတွေဆောက်ပေးဖို့ အရေးကြီးပါတယ်၊ အပူချိန်ကလည်း ပြင်းတယ်။ မိုးရာသီကလည်း ရောက်တော့မယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိမှာတော့ တာလပတ်တွေနဲ့ ယာယီတဲအိမ်တွေ ဆောက်လုပ်နေကြပြီး တချို့မိသားစုတွေကတော့ ဆွေမျိုးနေအိမ်တွေမှာ ကပ်နေကြတယ်လို့ စခန်းနေဒုက္ခသည်တွေက ပြောကြပါတယ်။
 
လတ်တလော မိသားစုငါးရာကျော် ယာယီနေထိုင်ဖို့ တာလပတ်တွေနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေတဲ့အတွက် ကူညီပေးကြဖို့လည်း အဲဒီရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုကြပါတယ်။
 
“ မီးလောင်ပြင်ပဲ ကျန်ခဲ့တော့တယ်၊ ဒီလောက်ပူတဲ့ရာသီမှာ ကလေးတွေနဲ့ ဘယ်လိုနေကြရတော့မလဲ၊ ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ် ” လို့ မီးလောင်ကျွမ်းရာမှာ နေအိမ်ပါသွားတဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။
 
အဲဒီကြိမ်နီပြင်စခန်းမီးလောင်မှုဟာ စခန်းမှာနေထိုင်တဲ့ လင်မယားနှစ်ဦး ရန်ဖြစ်ရာကနေ မီးစွဲနေတဲ့ ထင်းပိုင်းနဲ့ ကောက်ပေါက်လို့ မီးစတွေ လွှင့်စင်သွားပြီး ဓနိခေါင်မိုးပေါ် ကျရာက မီးကူးကာ စတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။
 
“ အခု အဲဒီလင်မယားက ပျောက်သွားတယ်၊ ဘယ်ကိုပြေးသွားလဲမသိဘူး ” လို့ စခန်းတာဝန်ခံ ဦးကျော်ဇောက ပြောပါတယ်။ မီးလောင်မှုကြောင့် စခန်းနေဒုက္ခသည်တချို့လည်း မီးဟပ်ပြီး ဒဏ်ရာတွေ ရသွားကြတယ်လို့ ပြောကြပါတယ်။
 
“ အဆောင်တွေ တတန်းနဲ့ တတန်းကြားမှာ လိုင်းတွေခြားနေတာကြောင့် အကုန်မလောင်သွားတာပါ၊ မီးက သူ့ဟာသူ ငြိမ်းသွားတာပါ ” လို့ ဦကျော်ဇောက ပြောပါတယ်။
 
ကြိမ်နီပြင်ဒုက္ခသည်စခန်းဟာ ၂၀၁၂ ပဋိပက္ခအပြီးမှာ တည်ထောင်ခဲ့တဲ့ စခန်းတခုဖြစ်ပြီး အဲဒီစခန်းမှာ ကြိမ်နီ‌ပြင်၊ မင်းသာဖ၊ ကွမ်းသီးဖက်၊ ကံပြင်နဲ့ ဆလီဖက်ရန် စတဲ့ရိုဟင်ဂျာကျေးရွာတွေက ဒုက္ခသည် ၇၀၀၀ ကျော် ခိုလှုံနေထိုင်ကြပါတယ်။
 
အဲဒီစခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကလည်း မီးလောင်မှုတကြိမ်ဖြစ်ခဲ့ဖူးပြီး နေအိမ် (၃၀) ဝန်းကျင် မီးလောင်ခဲ့ကာ ၂၀၁၆ တုန်းကလည်း မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၀ နီးပါး ဆုံးရှုံးခဲ့ရတယ်လို့ ပြောကြပါတယ်။
 
မနေ့က အဲ့ဒီ ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ချိန်မှာ ပေါက်တောမြို့နယ် မီးသတ်တပ်ဖွဲ့က လာရောက်ငြှိမ်းသတ်ခဲ့တာရှိပေမယ့် မီးသတ်တပ်ဖွဲ့ဝင်တွေဟာ စက်လှေ​နဲ့ မြစ်ကူးပြီးလာရတာဖြစ်လို့ စခန်းကိုရောက်ချိန်မှာ မီးကျွမ်းနေပြီလို့ သိရပါတယ်။
 
ကြိမ်နီပြင် ဒုက္ခသည်စခန်းဟာ ပေါက်တောမြို့ပေါ်ကနေ သုံးနာရီလောက်ကြာအောင် စက်လှေနဲ့သွားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media