မီးရှို့ခံရတဲ့ ထီးလင်းနယ်အကြည်ဘန်းရွာခံနှစ်ရာဝန်းကျင် ဖမ်းဆီးခံရ၊ သေဆုံးသူတချို့လည်းရှိ

မေ၊ ၈
 
စစ်ကောင်စီက စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်နီးပါးမီးရှို့ခဲ့တဲ့ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အကြည်ဘန်းကျေးရွာက ဒေသခံနှစ်ရာဝန်းကျင် ဖမ်းဆီးခံထားရပြီး ရွာအနီးမှာ ရုပ်အလောင်းသုံးလောင်းလည်း တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
 
အကြည်ဘန်းကျေးရွာကို အင်အားတရာ့ငါးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက မေ ၆ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက နောက်တရက်မှာ နယ်မြေရှင်းလင်းရာက ရုပ်အလောင်းသုံးလောင်းတွေ့ရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
 
” ရွာသားသုံးယောက်မှာ တယောက်က ပစ်သတ်ခံရတာ၊ ကျန်နှစ်ယောက်က လက်နက်ကြီးမှန်ပြီးသေတာ” လို့ ထီးလင်းမြို့နယ် ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
နယ်မြေရှင်းလင်းဖို့သွားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ အကြည်ဘန်းကျေးရွာကို မေ ၅ ရက်မှာ ဝင်ရောက်ခဲ့ဖြစ်ပြီး စစ်ကြောင်းဝင်ရောက်ချိန်ဟာ ရွာမှာ နာရေးတခုလုပ်နေချိန်ဖြစ်တာကြောင့် ရွာခံအများစု ပြေးချိန်မရဘဲ ပိတ်မိခဲ့တယ်လို့ သိရပါတယ်။
 
ကျေးရွာထဲ ပိတ်မိခဲ့တဲ့ပြည်သူတွေကို စစ်ကောင်စီစစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေထဲက ဆယ်ဦးသာ လွတ်မြောက်လာသေးတယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြပေးနေတဲ့ ယောအလင်းတန်းက ဆိုပါတယ်။
 
” ဖမ်းဆီးခံရထားရတဲ့သူက နှစ်ရာလောက်ရှိမယ်၊ ဖုန်းလိုင်းတွေလည်း မရ၊ သူတို့တွေ ဘယ်လိုနေလဲ၊ စစ်ကြောင်းနဲ့ ရှိနေတယ်ဆိုတာကလွဲရင် ဘာမှမသိရဘူး ” လို့ဒေသခံတဦးကပြောပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ အညာဘန်းကျေးရွာမှာရောက်ရှိနေပြီး အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်း စတဲ့ကျေးရွာတွေတဝိုက်မှာ ကင်းပုန်းတွေချထားနိုင်တယ်လို့ ယောအလင်းက ဖော်ပြပါတယ်။
 
အဲ့ဒီရွာသုံးရွာဟာ ထိစပ်နေတဲ့ရွာတွေဖြစ်ပြီး သုံးရွာပေါင်း ငါးမိုင်လောက်အရှည်ရှိတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေဟာ စစ်ကြောင်းနဲ့အတူရှိနေပြီး ဘယ်နေရာမှာ ထားတယ်ဆိုတာကို မသိရပါဘူး။
 
” ဖမ်းထားတဲ့လူတွေထဲက သန်မြန်တဲ့သူတွေကို သူတို့ခိုင်းချင်တာခိုင်းမယ်၊ သူတို့နဲ့မတည့်တဲ့သူ၊ နာမည်ထွက်တဲ့သူဆို နှိပ်စက်မယ်၊ သတ်ဖြတ်မယ် ” လို့ ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး ဒေသခံတဦးက သူ့အမြင်ကိုပြောပါတယ်။
 
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက မြို့နယ် ပ.အ.ဖ ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဧပြီ ၂၀ ရက် ကတည်းက ဖုန်းလိုင်းတွေဖြတ်တောက်ထားပြီး ဆက်သွယ်ရေးအခက်ခဲတွေ ရှိနေတာပါ။ ဆက်သွယ်ရေးခက်ခဲမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီဟာ အင်အားအလုံးအရင်းနဲ့ ထီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။ 
ဓာတ်ပုံ – CJ