စစ်ကောင်စီအတွက် တရုတ်ဖောက်ပေးတဲ့ ဂယ်ပေါက်

  • မြန်မာပြည်မှာ အမေရိကန် အလိုတော်ရိ အစိုးရတက်မလာရေး၊ တရုတ်အလိုရှိ။

၁။ တရုတ်အနေနဲ့ မင်းအောင်လှိုင်ကို သိပ်အကြိုက်ကြီး ကြိုက်လှတယ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် တရုတ်ခေါင်းဆောင်တွေက တကယ့် realist တွေလေ။ ရီယယ်လစ်တွေဆိုတော့ လက်တွေ့ကျတယ်။ ပြီးတော့ အကျိုးစီးပွားအထိုင်နဲ့ပဲ ဗဟိုချက်ထားပြီး စဉ်းစားတယ်။ ဒါ့ကြောင့် တရုတ်တွေအတွက် လောလောဆယ် မြန်မာစစ်တပ်ကို လက်လွှတ်လို့ ရသေးမှာ မဟုတ်ဘူး။ ဒါ့ကြောင့် စစ်ကောင်စီဘက် အခွင့်အရေးတချို့ ထပ်ပေးဟန်တူပါတယ်။ လက်ရှိအနေအထားမှာ မြန်မာပြည်အရေးဟာ တရုတ်အတွက် အကဲဆတ်ကွင်းပြင် တစ်ခုဖြစ်နေတာမို့၊ အစကောင်းမှ အနှောင်းသေချာမှာမို့၊ သူ့ လက်ဝယ်မှာ ချည်ပြီးတုပ်ပြီး ပေါ်လစီသစ် ခင်းဖို့ ကြိုးစားဟန်တူတယ်။ အဲသည့်နေရာမှာ — တရုတ် ထည့်တွက်စဉ်းစားတာက အမျိုးသားညီညွတ်ရေးအစိုးရ မဟုတ်ဘူး။ စစ်ကောင်စီကို ထည့်တွက်စဉ်းစားတာဖြစ်ပါတယ်။

၂။ တရုတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ နွေဦတော်လှန်ရေးအင်အားစုအားလုံးကို နိုင်ငံရေးအရ ခြေစုံရပ်ထောက်ခံဖို့ မဖြစ်နိုင်ပါဘူး။ အကြောင်းကတော့ — ဒီမိုကရေစီအတွက် လှုပ်ရှားတဲ့ ရုန်းကန်မှုတွေဟာ တရုတ်နဲ့ ဘုံအကျိုးစီးပွားတူမျှမှုကို ပိုဖြစ်စေမှာ မဟုတ်ဘူးလို့ ယူဆတာကြောင့်ဖြစ်တယ်။ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းလိုလိုက အမျိုးသားရေးစိတ်ရှိတယ်ဆိုတာကို သဘောကျလက်ခံတယ်။ သူကိုယ်၌ကလည်း တရုတ်အမျိုးသားရေးဝါဒနဲ့ တိုင်းပြည်ကို မောင်းနှင်ကြိုးကိုင်ထားလို့ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုတွေမှာ အမျိုးသားရေးစိတ် ထက်သန်ပြင်းပြတာဟာ — လူမျိုးစုလွတ်မြောက်ခွင့်အတွက် နောက်ကွယ်က မောင်းနှင်အားလည်း ဖြစ်သလို၊ တွန်းအားလည်း ဖြစ်တယ်။ တရုတ်အနေနဲ့ ဒီမိုကရေစီ လေသံ သိပ်မလွှင့်တဲ့ လူမျိုးစုအဖွဲ့တွေကို — နွေဦးတော်လှန်ရေးအင်အားစုတွေထက် ပိုပြီး အာရုံကျတာ မဆန်းပါဘူး။

၃။ ဒီနေရာမှာ အမျိုးသားရေးစိတ် ထက်သန်ပြင်းပြပြီး လူမျိုးစုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လက်တွဲမပြတ် ချိတ်ဆက်ထားခြင်းဟာ တရုတ်အတွက် သီးခြားရည်ရွယ်ချက်ရှိပါတယ်။ အဲဒါကတော့ — မြန်မာပြည်တွင်းက လက်နက်ကိုင်ပဋိပက္ခစစ်မီးဟာ တရုတ် – မြန်မာနယ်စပ်အထိ ကူးမလာစေဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက တရုတ်အကျိုးစီးပွားတွေကိုလည်း မြန်မာပြည်အရေးနဲ့ ခွာထားနိုင်ဖို့ တရုတ်က ကြိုးစားနေတာ တွေ့ရတယ်။ မြန်မာပြည်မှာ ပဋိပက္ခ‌တွေ ဘယ်လို ဖြစ်ဖြစ် — တရုတ်အကျိုးစီးပွားကို မထိပါးနိုင်အောင် သံပြိုင်တီးဝိုင်းနဲ့ ကကြိုးအစုံကို သုံးတဲ့ ပုံပါပဲ။

၄။ တရုတ်အနေနဲ့ ပါတီလမ်းကြောင်း၊ သံခင်းတမန်ခင်းလမ်းကြောင်း၊ နိုင်ငံရေးလမ်းကြောင်းနဲ့ စစ်ရေးလမ်းကြောင်းတွေ အပြိုင်သုံးပြီး မြန်မာပြည်တွင်းက သူ့ စီးပွားရေးအကျိုးအမြတ်တွေ အပြင် ပထဝီနိုင်ငံရေးအရ မြန်မာပြည်ကို သူ့ အာဏာစက်ထီးရိပ်အောက်မှာ ထားဖို့ ပိုပြီး ဝက်အူရစ်တင်းလာနိုင်ပြီလို့ ပြောနိုင်ပါတယ်။ မြန်မာပြည်ရဲ့ အကျပ်အတည်းဟာ တရုတ်အတွက် အခွင့်အလမ်းသစ် တချို့ကိုလည်း လှပ်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ အနောက်ယဉ်ကျေးမှုကို အလွန်အမင်း ခုန်မင် ဦးညွှတ်တဲ့ လူငယ်မျိုးဆက်တွေရဲ့ တော်လှန်ရေးသဘောထားအမြင်တွေဟာ — လူမှုလှိုင်းလုံးအနေနဲ့ အင်မတန် ကြီးမားတဲ့ ရိုက်ခတ်ချက် ဖြစ်ပေမယ့် တရုတ်အတွက်ကတော့ လက်တွေ့နိုင်ငံရေးမှာ လက်‌တွေ့ အာဏာတည်ဆောက်ထားနိုင်တဲ့သူနဲ့ပဲ ချိတ်ဆက်စကားပြောတော့မယ်ဆိုတဲ့ ပုံစံဖြစ်ပါတယ်။ တရုတ်ဟာ — စစ်တပ်၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရနေရာ ထိုင်ထားနိုင်တဲ့သူတွေနဲ့သာ သူ့ရဲ့ ပါဝါဂိမ်းကို အဖြေထုတ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်။

၅။ တရုတ်ဟာ — မြန်မာ့နွေဦးတော်လှန်ရေးအတွက် King Maker တစ်ယောက်လို ဖြစ်နေပါတယ်။ တရုတ်ယိမ်းမယ့်ဘက်က လက်နက်ကိုင်တိုက်ပွဲမှာ အားသာသလို ဖြစ်နေသလို၊ တရုတ်ယိမ်းမယ့်ဘက်က နိုင်ငံရေးအသက်ရှုပေါက်ချောင်သလို ဖြစ်နေပါတယ်။ လောလောဆယ်အားဖြင့် တရုတ်ရဲ့ ချည်းကပ်ပုံအသစ်နဲ့ တရုတ်ရဲ့ ထိတွေ့မှု စတိုင်လ်သစ်ဟာ စစ်ကောင်စီအတွက် နိုင်ငံရေးဂယ်ပေါက်ကို ဟပေးသလို ဖြစ်တယ်။ ဒါကို စစ်ကောင်စီက ကောင်းကောင်း အသုံးချနိုင်တော့ — မြန်မာပြည်မမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှုအတွက် အချိန် ဆွဲဆန့်နိုင်မယ့် အနေအထားမှာ ရှိပါတယ်။

၆။ တရုတ်ရဲ့ မူရင်းသဘောမှာ – မြန်မာပြည်ကို ဒီမိုကရေစီ မဖြစ်ထွန်းစေချင်တဲ့ သဘောထားက အပြည့်ရှိပါတယ်။ အထူးသဖြင့် အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားတဲ့ တိုင်းပြည်အဖြစ် မြန်မာပြည်ကို တရုတ်က မမြင်ချင်ပါဘူး။ အမျိုးသားနိုင်ငံတော်တစ်ခုအဖြစ် ရှိနေတာဟာ တရုတ်အတွက် အလာ့ဂျစ်ဖြစ်စရာ မရှိပါဘူး။ ဒါ့ကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီလှိုင်းလုံး လိုသည်ထက် ပိုပြီး အားကြီးသွားမှာကို တရုတ်က အလိုမရှိပါဘူး။ ဒါပေမယ့် တရုတ်အလိုရှိတာက — အားကြီးသူ ထိန်းချုပ်ထားတဲ့ တည်ငြိမ်မှုအခြေအနေကို လိုချင်ပါတယ်။ ဒါမှလည်း သူနဲ့ စီးပွားရေး ရေရှည် မိတ်ဖက်အဖြစ် လက်တွဲနိုင်မယ်လို့ ယူဆထားပါတယ်။ ပထဝီနိုင်ငံရေးအရ ဒေသတွင်း လုံခြုံရေးစည်းကို မြဲအောင် ချည်ထားဖို့အတွက် မြန်မာပြည်ဟာ – တရုတ်အတွက် ဟာကွက် လွတ်ကွက် ဖြစ်နေလို့ မရပါဘူး။ မြန်မာနိုင်ငံမှာ အမေရိကန် အလိုတော်ရိ အစိုးရတက်မလာနိုင်ရေးဟာ တရုတ်အတွက် အထူး အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

 

တရုတ်ဟာ ဒီပွဲမှာ မြင်းကို မလောင်း ဂျော်ကီကို လောင်းတယ်လို့ယူဆနိုင်တယ်။ နွေဦးတော်လှန်ရေးဘက်က အင်အားစုဟာ နိုင်အောင် ပြေးနိုင်မယ့် မြင်းလို့ အစကနဦးမှာ တရုတ်က မျှော်လင့် စောင့်ကြည့်ပေမယ့်၊ မြင်းကို စီးတဲ့ ဂျော်ကီ မဟန်တာကို နောက်ပိုင်းကာလမှာ သိသိသာသာ မြင်တွေ့လိုက်တယ်။

အခုတော့ စစ်ကောင်စီဘက် အာရုံစိုက်ပြီး အခွင့်အရေးပေးလိုက်ခြင်းဟာ — တရုတ်အဖို့ မြင်းကို မလောင်း ဂျော်ကီကို လောင်းလိုက်ပြီ လို့ ယူဆလို့ ရနိုင်တယ်။

မင်းသေ့

နေ့လယ် ၂း၅၇

၇ – မေလ – ၂၀၂၃။