ခင်ဦးမှာ စစ်ကြောင်းဝင်မီးရှို့လို့ ဒေသခံခုနှစ်ထောင်ကျော် ပြေးနေရပြန်

မေ၊ ၈
 
စစ်ကိုင်းတိုင်းခင်ဦးမြို့နယ် အရှေ့ခြမ်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ မနေ့ မေလ ၇ ရက်နေ့စပြီးအင်အား ၂၀၀ နဲ့ စစ်ကြောင်းခွဲဝင်ရောက်လာပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေလဆက်လုပ်နေတာကြောင့် ဒေသခံ ၇၀၀၀ လောက်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြန်ပါတယ်။
 
အဲဒီစစ်ကြောင်းဟာ မနေ့မနက်ပိုင်းမှာတော့ ခင်ဦးမြို့နယ်အရှေ့ခြမ်းက ကဘွက်ရွာနဲ့ ကုတ္တက်ရွာတွေဘက်ကို ဝင်ရောက်ခဲ့ပြီး ရမ်းသမ်းပစ်ခတ်မှုတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
စစ်ကြောင်းဝင်ချိန်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်းရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာတော့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်ဝင်ရောက်စစ်ကြောင်းထိုးနေတဲ့ ခင်ဦးနယ်ထဲမှာဆိုရင် ကျေးရွာပေါင်း ၇၀ ကျော်ဟာ အိမ်ခြေ ၅၀၀၀ ဝန်းကျင်ဟာလည်း မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက အချက်အလက်တွေထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ခင်ဦးသတင်းမှန်ပြန်ကြားရေး