မေ ၊ ၇
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက နန်းပန်းလမ်းဆုံအနီးမှာ စစ်ကောင်စီလက်အောက်ခံ PNO/PNA ပြည်သူ့စစ်နဲ့ အင်းလေးပျူစောထီးအဖွဲ့က ဧပြီလဆန်းကစပြီးဂိတ်ဖွင့်ကာ ပြည်သူတွေထဲကနေ မတရားငွေကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က နန်းပန်ဂိတ်မှာက ခုနှစ်ယောက်လောက်ရှိတယ်။ အလှည့်ကျစောင့်ပြီးတော့ လာတဲ့ ယာဉ်တွေကနေ ပိုက်ဆံကောက်နေကြတာပါ။ နန်းပန်ဂိတ်မှ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း ဂိတ်စခန်းတွေ ဆောက်ပြီးတော့ ပြည်သူတွေ ဆီက ကောက်နေကြတယ်။ မှော်ဘီတံတားရယ်၊ အင်းအနောက်ကမ်းမှာရော၊ အင်းတိန်ကျားတွန်ရွာလမ်းခွဲမှာရော လမ်းသွားလမ်းလာတွေ ကိုပိုက်ဆံတောင်းတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီဂိတ်နေရာဟာ အင်းလေးကန် အရှေ့ဘက် တောင်နဲ့မြောက် ကန်ပတ်လမ်းနေရာဖြစ်သလို အရှေ့ဘက်မှာ ကွန်လုံရွာအပါအဝင် ရွာတွေဘက်ကို တက်တဲ့ လမ်းဖြစ်ပြီး အနောက်ဘက်မှာ နန်းပန် ဆေးရုံနဲ့ နန်းပန် ဈေးကို သွားနိုင်တဲ့ လမ်းလေဆုံး နေရာဖြစ်တဲ့အတွက် အချက်အချာကြတဲ့နေရာမှာ ဂိတ်ဆောက်ပြီး ကောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ PNO/PNA နဲ့ အင်းလေးပျူအဖွဲ့တွေဟာ ဒီဇယ်ဆီ တပီပါကို ကျပ်တသောင်းခန့်၊ ဆန်တအိတ်ကို တထောင်ကျပ် ကောက်ခံနေပြီး အခြေခံစားသောက်ကုန်ပစ္စည်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“PNO နဲ့ အင်းလေးပျူအဖွဲ့တွေကို ပြောချင်တာက အင်းလေး ဒေသမှာ အခုလိုမျိုု မလုပ်သင့်ပါဘူး။ ခုချိန်မှာ ကျွန်မတို့က စားဝတ်နေရေး ခက်ခဲနေသလို၊ သူသူ ငါငါ လွတ်လပ်စွာ သွားလာချင်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနဲစာကို ခုလိုမျိုး မကောက်ခံစေချင်ပါဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံပြည်သူတွေ ပစ္စည်းတွေ သယ်လာရင် ပစ္စည်းသယ်ယူခွင့်အဖြစ် ညောင်ရွှေအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုလည်း ပိုက်ဆံပေးရသလို PNO/PNA ပြည်သူ့စစ်အဖွဲ့တို့ကိုလည်း ပေးနေရတာဖြစ်ပါတယ်။
PNO/PNA နဲ့ အင်းလေးပျူအဖွဲ့တွေဟာ နန်းပန်လမ်းဆုံအနီးမှာ ဂိတ်ဖွင့်ပြီး ငွေကြေးတွေ ကောက်ခံနေမှုဟာ ဒီနှစ် ဧပြီလဆန်းပိုင်းကတည်းက ကောက်ခံနေတာဖြစ်ပြီး ဒေသခံ ပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ညောင်ရွှေမြို့နယ်ထဲက မှော်ဘီတံတားအနီးမှာ ဂိတ်တခု၊ အင်းအနောက်ကမ်းက ပေါင်းပိန်းဂိတ်တခု၊ အင်းတိန်ကျားတွန်ရွာ လမ်းခွဲမှာ ဂိတ်တခု စတဲ့ ဂိတ်တွေ ဆောက်ပြီး ငွေကြေးတွေ ကောက်ခံနေတယ်လို့ သိရပါတယ်။
PNO/PNA ခေါင်းဆာင် ဦးအောင်ခမ်းထီဟာ ပြီးခဲ့တဲ့စစ်အာဏာရှင်ဦးသန်းရွှေလက်ထက်မှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအပါအဝင်လုပ်ပိုင်ခွင့်တွေအများအပြားရရှိခဲ့ပါတယ်။
လက်ရှိစစ်ခေါင်းဆောင်နဲ့ဒုတိယစစ်ခေါင်းဆောင်တို့ဟာလည်း ဦးအောင်ခမ်းထီကို မကြာခဏတွေ့ဆုံတာလည်းရှိပါတယ်။