မန္တလေး ဒီချုပ်ပါတီတိုင်းရုံး ထပ်ဖျက်ဆီးခံရပြန်

မေ ၊ ၇

မန္တလေးတိုင်း ၊ချမ်းအေးသာစံမြို့နယ် ၊၆၂လမ်း၊၃၃လမ်းနဲ့ ၃၄ လမ်းကြားရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မန္တလေးတိုင်းရုံးကို စစ်အုပ်စုနဲ့ သူတို့ကိုထောက်ခံသူတွေက ထပ်မံဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း အတင်းအရင်းအမြစ်တွေကဆိုကြပါတယ်။

ဒီလ မေလ ၅ ရက်နေ့ ညပိုင်းလောက်ကလည်း ငါးထပ်အဆောက်အဦဖြစ်တဲ့ဒီချုပ်ပါတီတိုင်းရုံးကို စစ်အုပ်စုက ရုံးအရှေ့က ၆၂ လမ်းကို ပိတ်ဆို့ပြီး စက်ယန္တယားလေးတွေအသုံးပြုပြီး ဖျက်ဆီးတာတွေလုပ်ခဲ့ပါသေးတယ်။ အဲဒီဖျက်ဆီးမှုကြောင့် အဆောက်အဦရဲ့ဘေးမျက်နှာစာတွေပျက်ဆီးခဲ့သလို ရုံးအရှေ့ဖက် နံရံနဲ့ တံတားတွေပျက်ဆီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

” အဲဒီရုံးကလတိုင်းလိုကို ဝင်ဖျက်ခံနေရတယ် ။အရင်လကလည်း ရုံးအပေါ်ထပ်က ဆိုင်းဘုတ်တွေဖြုတ်ချခံရသေးတယ်။ အာဏာသိမ်းပြီးကတည်းက ပိတ်ခံထားရလို ဘယ်သူမှာမဝင်ရဲဘူး။ သူတို့(စစ်အုပ်စု) ပဲဝင်ပြီး ပစ္စည်းယူလိုက် ဖျက်ဆီးလိုက်လုပ်နေတာပါ ” လို့ သူကဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ မန္တလေးတိုင်းဒီချုပ်ရုံးကို အနည်းဆုံးသုံးကြိမ်ခန့်ဖျက်စီးခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကလည်း မန္တလေးမြို့ ဒီချုပ်ပါတီတိုင်းရုံးအပါအဝင် ပုသိမ်ကြီးမြို့ရှိ မြို့နယ် ပါတီရုံးကိုလည်း စစ်အုပ်စုက ဝင်ရောက်ပြီး ပါတီရဲ့ ဆိုင်ဘုတ်နဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ဖျက်ဆီးခဲ့ပါသေးတယ်။

” သက်ရှိမဟုတ်တဲ့ သက်မဲ့ရုံးတွေကို ဒီလိုလုပ်တယ်ဆိုတာ ပြောရရင်သူရဲဘောကြောင်တာပေါ့။ သက်မဲ့ရုံးတွေဆိုတာက ပြည်သူတွေပိုင်တာပါ ။သူတို့အိမ်တွေကိုပဲ ရုံးဖွင့်ခွင့်ပေးထားတာပါ။ တချို့ရုံးမြေနေရာတွေက ပြည်သူလှူတဲ့ရန်ပုံငွေနဲ့ဝယ်ပြီးရုံးဆောက်တယ်။ အများပြည်သူလှူတဲ့ငွေနဲ့ NLD ပါတီရုံးတော်တော်များများက ဆောက်ထားတာပါ။ ဒီလိုနေရာတွေကို ဖျက်ဆီးနေတာပြည်သူကို စော်ကားတယ်လိုပဲယူဆတယ် ” လို့ မန္တလေးက တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးကပြောပါတယ်။

ဒီလ ၄ ရက်နေ့ ညပိုင်းကလည်း စစ်ကိုင်းတိုင်း ၊မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ ဒီချုပ်ပါတီတိုင်းရုံး၊ရတနာပုံရပ်ကွက် သာစည်လမ်းပေါ်ရှိမြို့နယ် ပါတီရုံး၊ဧရာဝတီတိုင်းက င်္ဟသာတဒီချုပ်မြို့နယ်ပါတီရုံးနဲ့၅ရက်ကဇလွန်မြို့နယ်ဒီချုပ်ပါတီရုံးတွေကို စစ်အုပ်စုက ဖျက်ဆီးခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲအနိုင်ရထားတဲ့ ဒီချုပ်ပါတီ အပါအဝင် သူတို့ရဲ့ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံပြန်မတင်ထားတဲ့ ပါတီ ၄၀ လောက်ကို နိုင်ငံရေး ပါတီအဖြစ် မတ်လ ၂၉ ရက်နေ့က ဖြတ်သိမ်းခဲ့တာပါ။ အဲဒီနောက်ဒီချုပ်ပါတီရဲ့ ရန်ကုန်တိုင်း၊ကမာရွတ်မြို့နယ် ပါတီရုံးဆိုင်းဘုတ်နဲ့ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရုံးကိုလည်းစစ်ကောင်စီကဖျက်ဆီးခဲ့ပါသေးတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီရဲ့ ထုတ်ပြန်ချက်အရ အာဏသိမ်းပြီးချိန်ကနေ ၂၀၂၃ခုနှစ်၊ မတ်လ ၂၉ရက်အထိတိုင်းနဲ့ပြည်နယ် အသီးသီးရှိ ပါတီရုံးချုပ်အပါအဝင် ရုံးတွေကို ဝင်ရောက်ဖျက်ဆီး ပစ္စည်းယူငင်တာတွေ အကြိမ်ရေ ၁၂၀ ရှိခဲ့တယ်လို့ သိရပါတယ်။

” အသုံးမဝင်တဲ့ ဥပဒေနဲ့ ပါတီမှတ်ပုံမတင်တာမျိုးကြေညာတာကတော့ ကြေညာပြသာနာမရှိဘူး။ ကိုယ်ပိုင်ဆိုင်မှုနဲ့ ရပ်တည်တဲ့ရုံးတွေဖျက်ဆီးနေတာကတော့ အောက်တန်းကျတဲ့လုပ်ရပ်ပါ။ နှိုင်းစရာကိုမရှိတော့ဘူး ခွေးတောင်သစ္စာရှိတယ် စစ်သားဆိုတာ ပြည်သူလစာ စားနေရတာပါ။ ပြည်သူနဲ့ဆိုင်တဲ့ အဆောက်အဦးတွေလိုက်ဖျက်နေတာက အသိဉာဏ်မဲ့ရာကျလွန်တယ် ” လို့ မန္တလေးက တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးကပြောပါတယ်။