မြိုင်မှာစစ်ကောင်စီက ကလေးတွေအပါအဝင် အရပ်သား ၈၀ ခန့်ကိုဖမ်းဆီးပြီး ညတွင်းချင်း ပြန်လွှတ်

မေ၊ ၇
 
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စာပေကျေးရွာကို စစ်ကောင်စီတပ်တွေက မနေ့က မေ ၆ ရက်မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး ကလေးတွေအပါအဝင် အရပ်သား ၈၀ ခန့်ကို ဖမ်းဆီးထားပြီး မနေ့ကည ၁၀ နာရီအချိန် စစ်ကြောင်းပြန်ထွက်ချိန်မှာ လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
 
“ မနေ့က မနက်အစောကြီး စစ်ကြောင်းဝင်လာတာ။ အဲ့ဒီရွာကလူတွေက သူတို့ဆီကိုမလာလောက်ဘူးလို့ထင်ပြီး မပြေးကြတာ။ အဲ့ဒီမှာ ဖမ်းခံရတာ ရည်ရွယ်ချက်ကတော့ သူတို့ကို ကာကွယ်ရေးတပ်တွေက မိုင်းမဆွဲအောင် လက်နက်ကြီးတွေနဲ့ မပစ်ခတ်အောင်လို့ ပြည်သူတွေကို အသုံးချပြီး စစ်ကြောင်းပြန်ထွက်ချိန်မှာ လွှတ်ထားပေးခဲ့တာ ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို ဖမ်းဆီးထားစဉ်မှာ ရိုက်နှက်တာတော့ မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
အဆိုပါစစ်ကြောင်းဟာ မနေ့က မေလ ၆ ရက်နေ့ မနက် ၅ နာရီ ၃၀ မိနစ်အချိန်က မြိုင်မြို့နယ် စာပေကျေးရွာကို အင်အား ၆၀ ခန့် စစ်ကြောင်းနဲ့ ဝင်ရောက်စီးနင်းပြီး သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ် စုစုပေါင်းလူဦးရေ ၈၀ နီးပါးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
 
အဆိုပါစစ်ကောင်စီတပ်တွေဟာ စာပေကျေးရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ဝင်ရောက်စီးနင်းတာဖြစ်ပြီး လက်ရှိမှာတော့ စစ်ကြောင်းတွေပြန်လည်ဆုတ်ခွာသွားပြီလို့ သိရပါတယ်။
 
မြိုင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြာခနစစ်ကြောင်းထိုးနေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း မကြာခနမိုင်းဆွဲတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
မြိုင်မြို့နယ်ထဲမှာ ဒေသကာကကွယ်ရေးတပ်ဖွဲ့ဝင်တွေက အထိုက်အလျှောက်နယ်မြေစိုးမိုးထားနိုင်ပြီလို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပေမယ့် အခုလိုဖြစ်စဉ်မှာ အပြည့်အဝကာကွယ်မှုမပေးနိုင်သေးတာ တွေ့ရပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းတာကို လက်နက်ကိုင်ပြီး ပြင်းပြင်းထန်ထန်ဆန့်ကျင်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး ဒေသခံအရပ်သားတွေကို ဖမ်းဆီးတာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာဏာသိမ်းတာကို လက်နက်ကိုင်ပြန်လည်ခုခံနေတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ချင်း၊ ကချင် အပါအဝင် ဒေသအနှံ့အပြားက အရပ်သားနေအိမ်တွေကို မီးရှို့တာ၊ အရပ်သားတွေကို မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်တာတွေအပြင် လူသားဒိုင်းအဖြစ်လည်း အသုံးပြုလေ့ရှိနေပါတယ်။
 
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က တာတိုင်ကျေးရွာမှာဆိုရင် ပြီးခဲ့တဲ့ မတ်လဆန်းက စစ်ကောင်စီက အရပ်သား ၁၅ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံရွာက ဒေသခံ၂၁၂ ဦးကို ဖမ်းဆီခေါ်ဆောင်သွားခဲ့ပြီး တဦးကတော့ မဇွပ်ယန်ထောင် စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ-ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံကျေးရွာက ဒေသခံတွေကို စစ်ကောင်စီက ဧပြီလ ၂၁ ရက်က ဖမ်းဆီးခဲ့စဉ်။