တရုတ်အစိုးရကိုဆန့်ကျင်ကြောင်း လူထုဆန္ဒပြမှုလက်ပံတောင်းဒေသမှာပြုလုပ်

မေ၊ ၆
 
စစ်ကိုင်းတိုင်း၊ လက်ပံ့တောင်းဒေသက ဒေသခံပြည်သူတွေဟာ တရုတ်အစိုးရကို ဆန့်ကျင်ကြောင်းနဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတခုကို ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့ကြတယ်လို့ ဒီကနေ့ မေလ ၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မြန်မာပြည်သူတွေအပေါ် လေးစားတန်ဖိုးထားမှုမရှိဘဲ စစ်အုပ်စုဘက်က ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရကို ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာကို ချက်ခြင်းရပ်ဆိုတဲ့ ဆိုင်းဘုတ်ပါကြွေးကျော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မေလ ၂ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့အတူ အာဏာရှင်ဟောင်း စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံပြီး စစ်ကောင်စီနဲ့ ရပ်တည်ကြောင်းပြသမှုဟာ မြန်မာပြည်သူတွေရဲ့ဒေါသကို ထိုးဆွမှုသာဖြစ်တယ်လို့လည်း ထုတ်ပြန်ပြောဆိုထားကြပါတယ်။
 
စစ်အာဏာသိမ်းပြီးစ နိုင်ငံတဝန်းမှာ လူထုဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အားကောင်းနေချိန်မှာ တရုတ်အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ အားကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အဲ့ဒီလိုလှုပ်ရှားမှုတွေ တိမ်မြုပ်သွားခဲ့ပါတယ်။
ဒါပေမယ့် အခုမေလထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီးစဥ်အပြီးမှာတော့ အခုလို တရုတ်အစိုးရကို ဆန့်ကျင်ကြောင်းပြသတဲ့ ဆန္ဒပြလှုပ်ရှားမှု ပြန်လည်ပေါ်ပေါက်လာတာဖြစ်ပါတယ်။ 
ဓာတ်ပုံ – GSCB