မေ၊ ၆
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် အနောက်ဘက်က လက်ထုတ္တောရွာကို စစ်ကောင်စီတပ်တွေက ဒီကနေ့ မနက် ၇ နာရီဝန်းကျင်မှာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေခြောက်ရာကျော် မီးလောင်ဆုံးရှုံးတဲ့အပြင် ရွာခံအမျိုးသားနှစ်ဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ သေဆုံးသူတွေက သေနတ်နဲ့ပစ်ခံရတာ၊ မပြေးနိုင်တော့လို့ မီးလောင်သေဆုံးတာ “ လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
လက်ထုတ္တောရွာအနီးက မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ မိုင်းရှာဖွေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ မနေ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ဒီကနေ့ မနက်ပိုင်းမှာ လက်ထုတ္တောရွာ စစ်ကြောင်းထိုးမီးရှို့ခံရတာဖြစ်ပါတယ်။
လက်ထုတ္တောရွာဟာ မြင်းမူမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်မှာရှိပြီး မုံရွာ-မန္တလေး လမ်းမကြီးနဲ့ တမိုင်ခွဲဝန်းကျင်သာ ဝေးပါတယ်။ စုစုပေါင်း အိမ်ခြေ (၇၀၀)ဝန်းကျင်ရှိတဲ့ ရွာကြီးတရွာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း မီးရှို့ခံရမှုကြောင့် နေအိမ်အများစု မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်းဝင်လာချိန် ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာရပြီး ရွာမီးလောင်ချိန်မှာ သေဆုံးသွားတဲ့ ရွာခံအမျိုးသားနှစ်ဦးဟာ အသက်လေးဆယ်ဝန်းကျင်ရှိသူတွေဖြစ်တယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲဝင်က ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းပေါ်မှာ မနေ့က မိုင်းဆွဲတိုက်ခိုက်မခံရခင်ကတည်းက စစ်ကောင်စီတပ်သားတွေဟာ ချောင်းဦးနဲ့ မြင်းမူအစပ် ကျေးရွာတွေမှာ လှုပ်ရှားသွားလာမှုရှိခဲ့ပြီး မနေ့က မိုင်းဆွဲတိုက်ခိုက်ခံရပြီးချိန်မှာ ချောင်းဦးနယ် နတ်ရေကန်ကျေးရွာကနေ ထွက်လာပြီး လက်ထုတ္တောရွာကို မီးရှို့ခဲ့တာလို့ သိရပါတယ်။
ရွာကို မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် ရွာခံတွေက မီးငြှိမ်းသတ်ကြချိန်မှာ လက်ထုတ္တောရွာ အရှေ့ဘက် ဂွေးပင်တောရွာအနီးကနေ ၆၀ မမလက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးမီးရှို့မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြာင့် ဒေသခံသုံးထောင်ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
“ အခက်ခဲကတော့ အခုတချို့က တောထဲမှာ ထွက်ပြေးပုန်းနေကြတယ်၊ နီးစပ်ရာရွာတွေဘက် ထွက်ပြေးနေကြရတယ်၊ ကိုယ်လွတ်ရုန်းထွက်ပြေးရတာ အဝတ်အစားအပိုမပါဘူး၊ စားစရာမပါဘူး၊ ရာသီဥတုက တအားပူနေတော့ သက်ကြီးရွယ်အိုတွေ ကျန်းမားရေး စိုးရိမ်ရတယ် ” လို့ မြင်းမူသတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်က ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းတလျှောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ယာဉ်တန်းတွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ ရှိပါတယ်။
အခုလဆန်းအတွင်းမှာတော့ ဒီကနေ့ မီးရှို့ခံရတဲ့ လက်ထုတ္တောရွာအနောက်ဘက် ငါးမိုင်ဝန်းကျင်အကွာက မုံရွာ-မန္တလေးလမ်းမပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းတွေကို စစ်ကောင်စီက ခရီးသွားကားတွေပေါ် က ခရီးသည်တွေကို အောက်ဆင်းလျှောက်ခိုင်းပြီး မိုင်းရှာတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။
စစ်ကောင်စီတပ်က အဲ့ဒီလိုနည်းလမ်းနဲ့ မိုင်းရှာဖွေမှုတွေ လုပ်ခဲ့တာကြောင့် စုစုပေါင်း ကျပ်သိန်းနှစ်ရာဝန်းကျင်တန်ဖိုးရှိ မိုင်းတွေ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး