ဖားကန့်မှာ နှစ်ရက်အတွင်း သေနတ်ဒဏ်ရာနဲ့အမျိုးသားအလောင်း လေးလောင်းတွေ့

မေ၊ ၆
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမျိုးသားအလောင်းတွေ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တွေ့ရပြီး နှစ်ရက်အတွင်း ရုပ်အလောင်းလေးလောင်းအထိ သတ်ဖြတ်စွန့်ပစ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအဝင် လမ်းမဘေးမှာ ဒီကနေ့မနက်အစောပိုင်းက ပစ်သတ်ခံထားရတဲ့ အလောင်းနှစ်လောင်းကို လာရောက်စွန့်ပစ်ထားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
“ ဟုတ်တယ်၊ အမျိုးသားနှစ်ဦး ပစ်ခံထိထားတဲ့ဒဏ်ရာနဲ့ သေနေတာ တွေ့တာပါ၊ သေနေပါပြီ တွေ့တဲ့အချိန်က၊ ကျွန်တော်တွေ့တာတော့ မဟုတ်ဘူး၊ တွေ့တဲ့သူပြောတာက မနက်အစောပိုင်းလောက်မှာလို့ ပြောတယ်၊ လမ်းဘေးမှာပဲ ဒီအတိုင်းပစ်ထားတာ၊ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာမတွေ့ရဘူး၊ ခေါင်းမှာပဲ အကြိမ်ကြိမ် သေနတ်နဲ့ပစ်ခံထားရတဲ့ ဒဏ်ရာတဲ့ ” လို့ သူက ပြောပါတယ်။
 
ဦးခေါင်းကျည်ဖောက်ထွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦးဟာ ဘယ်သူ​တွေဆိုတာ ဒေသခံတွေကလည်း အတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
 
“ ဟိုတလောက ဖမ်းထားတဲ့ ဒေသခံတွေထဲကများလားပေါ့၊ ဒါမဟုတ်ရင် စစ်တပ်မှာ ဖမ်းခံထားရတဲ့ KIA တွေနဲ့ PDF တွေလား၊ ဘာလို့ဆို ဒီတလောမှာ အဲလိုမျိုးပစ်ပြီး အလောင်းလာပစ်တဲ့ကိစ္စက ခဏခဏဖြစ်လာတယ်ဆိုတော့လေ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
မနေ့က မေလ ၅ ရက်မှာလည်း ရှရော်ခကျေးရွာနဲ့ မျောက်ဖြူကျေးရွာသွားတဲ့လမ်းမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာ၊ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားနှစ်ဦးရဲ့ အလောင်းတွေကိုလည်း ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနှစ်ဦးကတော့ KIA တပ်ဖွဲ့ဝင်တွေလို့ ဒေသခံတချို့ကပြောပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
 
အခုလို သတ်ဖြတ်စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်က ပစ်ခတ်ပြီး အလောင်းကို လာရောက်စွန့်ပစ်ထားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ယူဆကြတာတွေလည်း ရှိနေပါတယ်။
 
စစ်ကောင်စီဘက်ကတော့ အခုလို ရုပ်အလောင်းတွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး တစုံတရာထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
 
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ PDF ပူးပေါင်းတပ်တွေကြား ဖားကန့်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေသလို မြို့ပေါ်မှာလည်း အပြန်အလှန်ဖမ်းဆီးမှုနဲ့ သတ်ဖြတ်မှုတွေ ရှိနေတာပါ။
 
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်ရှိ Happy KTV မှာ စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃၊ တပ်ရင်း ၁၃ မှ ဗိုလ်မှူး ဇော်မောင်နဲ့ လုပ်ငန်းရှင်လေးဦး ပစ်ခတ်ခံရပြီး ဗိုလ်မှူးဇော်မောင်နဲ့ လုပ်ငန်းရှင်နှစ်ဦး သေဆုံးခဲ့ပါတယ်။
 
နောက်တနေ့ ဧပြီလ ၂၄ ရက် နံနက်မိုးမလင်းခင်မှာပဲ Happy KTV ဆိုင်ရှေ့တည့်တည့်မှာ ပစ်သတ်ခံထားရတဲ့ အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသားနှစ်ဦးရဲ့အလောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါ တယ်။
 
ဖားကန့်မြို့နယ်ထဲမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြား ဖြည့်တင်းထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ PDF နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒေသခံပြည်သူတွေကို မတရားဖမ်းဆီးပြီး လူသားဒိုင်းလမ်းပြအဖြစ် ခိုင်းစေတာ၊ ညှင်းပမ်းနှိက်စက်သတ်ဖြတ်တာတွေ ပိုမိုလုပ်ဆောင်လာပြီး ဧပြီလအတွင်းမှာပဲ ပြည်သူ ၄၀၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ထုတ်ပြန်ထားပါတယ်။
 
စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့သူတွေထဲက အများစု ပြန်လည်လွတ်မြောက်လာကြပေမယ့် ၁၀၀ နီးပါးက လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာကြောင့် လတ်တလောတွေ့နေရတဲ့ ရုပ်အလောင်းတွေဟာ ဖမ်းဆီးခံထားရသူတွေထဲကလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြတာပါ။
 
“ လွတ်တာက များပါတယ်၊ လွတ်တဲ့သူတွေထဲမှာ ညှင်းပမ်းနှိပ်စက်ခံရတာတွေက အများကြီးပါ၊ ဒီလိုပဲလေ၊ သူ့ဟာသူ ဖမ်းချင် ဖမ်းတာ၊ စစ်တပ်ကပေါ့ ဖမ်းတာ၊ မသင်္ကာတာပေါ့၊ အဲဒီထဲမှာ အသတ်ခံရတဲ့သူတွေလည်း ရှိတယ်၊ တရာလောက်က ပြန်မလွတ်သေးဘူး၊ စာရင်းတိကျတော့ ဘယ်သိနိုင်မလဲပေါ့နော်၊ ခန့်မှန်းခြေပေါ့နော်၊ အခုဆို ဒီလိုမျိုးအလောင်းလာပစ်ထားတာတွေ ဖြစ်လာတော့ ဖမ်းခံနေရတဲ့သူတွေအတွက်လည်း စိုးရိမ်ရတာပေါ့ ” လို့ ဖားကန့်မြို့က တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – KNG