မေ ၊ ၅
ဒီကနေ့မှာ နှစ်နှစ်ပြည့်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အတွက် အဓိက အားနည်းချက်ဟာ လက်နက် ခဲယမ်းမီးကျောက်လိုအပ်ချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး လိုက်ပါတယ်။
လက်ရှိ PDF တပ်မတော်ဟာ တိုက်ခိုက်ရေးအင်အားအရ အာဏာသိမ်းစစ်ကောင်စီထက်သာလွန်နေပြီလို့ NUG ခေါင်းဆောင်တွေကပြောသလို တချိန်တည်းမှာပဲ လက်နက်ခဲယမ်းလိုအပ်ချက်ဟာ အဓိကအားနည်းချက်ဖြစ်နေ တာလို့လည်း ထုတ်ပြောလာတာပါ။
တနည်းအားဖြင့် ဘဏ္ဍာရန်ပုံငွေမလုံလောက်မှုရှိနေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
ဒါပေမယ့် တူမီး၊လက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေတပ်မတော်ဟာ လက်ရှိမှာ တိုက် ခိုက်ရေး လက်နက်၊ခဲယမ်းတွေနဲ့ ဒရုန်းတွေအတိုင်းအတာတခုအထိ တပ်ဆင်ထားနိုင်နေပြီလို့လည်း တဆက် တည်းဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေကို နှိုင်းယှဉ်နိုင်တဲ့ ပွဲသိမ်းအဆင့်တိုက်ခိုက်နိုင်တဲ့ လက်နက်ခဲယမ်း အင်အားအခြေ အနေ ရောက်ဖို့တော့ အများအပြားဆက်လက်ကြိုးပမ်းဖို့လိုအပ်နေသေးပြီး လေကြောင်းရန်ကို တန်ပြန်တိုက်ခိုက်နိုင် ဖို့အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းတွေအလုံအလောက်ရနိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ အသိ ပေးထားပါတယ်။
လက်ရှိတနိုင်ငံလုံးမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်းစုစုပေါင်းသုံးရာလောက်အထိ စုဖွဲ့ထားနိုင်သလို ပြည်သူ့စစ် တာ ဝန်ထမ်းဆောင်ရတဲ့ ရပ်ရွာအခြေပြုကာကွယ်ရေးအဖွဲ့တွေကိုလည်း မြို့နယ်ပေါင်း(၂၅၀)ကျော်မှာ ဖွဲ့စည်းတည် ထောင်ထားတယ်လို့ NUG ကဆိုပါတယ်။
စစ်ရေးစစ်ရာ ကိစ္စရပ်တွေကို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့အတူကွပ်ကွဲနေသလို စစ်ဒေသ အ လိုက် ခရိုင်အဆင့်ကွပ်ကွဲရေးမှူးနဲ့ တပ်ရင်းမှူး၊စစ်ကြောင်းမှူး တာဝန်အများစုကို မဟာမိတ်တိုင်းရင်းသား တော် လှန်ရေးတပ်ဖွဲ့တွေက အတွေ့အကြုံရှိတပ်မှူးတွေကိုယ်တိုင်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် PDF တပ်ဖွဲ့ဝင်တွေကို ပြည်ပနိုင်ငံတချို့က သံတမန်တွေ၊စစ်သံမှူးတွေ ၊နိုင်ငံတကာ အဖွဲ့အစည်း တွေ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းကာ ပညာရပ်နဲ့ အတွေ့အကြုံဆိုင်ရာ မျှဝေဖလှယ်တာ တွေလည်း လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ ၂၀၂၃ခုနှစ်ကို တော်လှန်ရေး အတွက် ရလဒ်တစုံတရာထွက်ပေါ်လာမယ့် အဆုံးအဖြတ်နှစ်အဖြစ် NUGက သတ်မှတ်ကြွေးကြော်ထားတာပါ။အခုနှစ်လေးလအတွင်း PDF တပ်မတော်အနေနဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းနဲ့ ဌာနချုပ်တွေအပါအဝင် အရေးကြီးပစ်မှတ်တွေကို (၂၆)ကြိမ်တိုက်ခိုက်ခဲ့သလို စခန်းသိမ်းတိုက်ပွဲ (၄၄)ကြိမ်အထိ ဖော်ဆောင်နိုင်ခဲ့တယ်လို့ သီးခြားထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် လေးလအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှုမှု အကြိမ်(၂၀၀)နီးပါးအထိလုပ်ခဲ့တယ်လို့လည်း ဖော်ပြထား ပါ တယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ထောက်ခံသူ(၄၀၀၀)နီးပါး သေဆုံးခဲ့ပြီး (၁၇၀၀)ကျော် ဒဏ် ရာရခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ လက်ရှိကာလဟာ တန်ပြန်ထိုးစစ် အကြို ကာလဖြစ်ပြီး တန်ပြန်ထိုးစစ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ဘဏ္ဍာရန်ပုံငွေနဲ့ ဗျူဟာမြောက် စစ်လက်နက် ရရှိနိုင်မှုတွေအပေါ် အဓိကမူတည်နေတယ်လို့ PDF တပ်မတော်နှစ်နှစ်ပြည့် အဖြစ် ဒီကနေ့သူ့ရဲ့မိန်းခွန်းမှာ ထည့် ပြောထားပါတယ်။