ဟားခါးမြို့နယ်မှာ ငါးရက်အတွင်းသုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခံရ

မေ ၊ ၅

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဧပြီလ ၁ရက်ကနေ ၅  ရက်အတွင်း စစ်ကောင်စီကလေကြောင်းကနေသုံးကြိမ်ဗုံးကြဲဗုံးတိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မေလ ၅ ရက် ဒီကနေ့မနက်ပိုင်းမှာ ဟားခါးမြို့နယ်မာလ်ဆောမ်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ နေအိမ်ထိခိုက်ပျက်စီးမူတွေကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

ဟားခါးမြို့နဲ့ မိုင်သုံးဆယ်ဝန်းကျင်အကွာက မာလ်ဆောမ်ရွာနဲ့ ဗန်တလန်ရွာဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်ကနေ ဟားခါးမြို့နယ်ထဲကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တပ်မ (၇၇) နဲ့ CNA၊ CNDF ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွါးနေတာပါ။

အဲဒီတိုက်ပွဲတွေမှာစစ်ကောင်စီကအထိနာတာကြောင့် လေကြောင်းတိုက်ခိုက်မူတွေပြုလုပ်နေတာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

” မနေ့ကတိုက်ပွဲက စစ်ကောင်စီဘက်က တော်တော်သေတယ်။ ကာကွယ်ရေးအဖွဲ့ဘက်လက်နက်ရတာတွေလည်းရှိတယ်။ သူတို့ မထုတ်ပြန်သေးတာ” လို့ ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

မေလ ၄ ရက်နေ့မှာလည်း စစ်တပ်က ဟားခါးမြို့နယ် ထဲမှာ ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့တယ်လို့ ချင်းပြည်နယ်စပ်က ယောဒေသတော်လှန်ရေးအဖွဲ့တွေကပြောပါတယ်။

” ကျနော်တို့ဆီကအိမ်တွေတောင်တုန်သွားတာဗျာ။ ကြဲခဲ့သမျှထဲမှာ အသံလည်းအကျယ်ဆုံးပဲ။ အိပ်နေတဲ့လူတွေတောင်လန့်ပြီးထထိုင်မိတဲ့အထိဖြစ်သွားတာ” လို့ မေ ၄ ရက်နေ့ ညနေပိုင်း ဟားခါးမြို့နယ်မှာ စစ်တပ်ကဗုံးကြဲတာနဲ့ပတ်သက်ပြီး ချင်းပြည်နယ် နဲ့ထိစပ်နေတဲ့ ဂန့်ဂေါနယ်တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဧပြီ ၄ ရက်နေ့က စစ်ကောင်စီတပ်က ဗုံးကြဲတာမှာ ဘယ်နေရာတွေကျရောက်ပေါက်ကွဲတယ်ဆိုတာ သိရှိရခြင်းမရှိသေးပါဘူး။ စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ ကျေးရွာတွေနဲ့ တောတောင်ထဲတွေကို ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ထုတာတွေပြုလုပ်လေ့ရှိတယ်လို့ တော်လှန်ရေးအဖွဲ့တွေကဆိုပါတယ်။ ပြီးခဲ့တဲ့ဧပြီလထဲမှာ စစ်ကောင်စီရဲ့ ဗုံးကြဲမူကြောင့် မင်းတပ်မြို့နယ် တောင်တောင်ထဲကသစ်ပင်တွေပျက်စီးပြီး ရစ်မျိုးနွယ်ဝင်ရှားပါးငှက်မျိုးစိတ်တွေသေဆုံးခဲ့ရပါတယ်။

မေလ ၂ ရက်နေ့မှာ စစ်ကောင်စီက ဟားခါးမြို့နယ် ဗန်တလန်ရွာနဲ့ မာလ်ဆောမ်ကျေးရွာကိုဗုံးကျဲခဲ့တာကြောင့် ဗန်တလန်ကျေးရွာက နေအိမ် ၁၅ လုံးနဲ့ မာလ်ဆောမ်ရွာက နှစ်ခြင်းဘုရားကျောင်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။

စစ်ကောင်စီက ကျေးရွာတွေပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ကျေးရွာကပြည်သူတွေဟာ ဧပြီလကုန်ရက်ကတည်းက ကြိုတင်တိမ်းရှောင်နေခဲ့ကြတာကြောင့်လူထိခိုက်မူမရှိဘူးလို့သိရပါတယ်။ စစ်အာဏာသိမ်းကတည်းက ချင်းပြည်နယ်က ပြည်သူတသိန်းကျော်ဟာ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၀၀) ဝန်းကျင်ရှိနေပြီး ဗုံးအလုံးရေ ၃၅၀ ကျော် ရှိခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ကထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်သားတွေအပါအဝင် အရပ်သား ပြည်သူ ၄၀ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။