မေ ၊ ၅
နိုင်ငံတဝန်းက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ (PDF)နဲ့ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ပြည်သူလူထု ငြိုငြင်တဲ့၊ မုန်းတီးတဲ့ အရာတွေကို အထူးဂရုစိုက်ရှောင်ကျဉ်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတဒူဝါလရှီးလ ပြောပါတယ်။
ဒီကနေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တည်ထောင်တာ(၂) နှစ်ပြည့်အဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကို ယာယီသမ္မတက မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း သတိပေးတာလည်း ဖြစ်ပါတယ်။
“လူထုအချစ်တော် အရေးတော်ပုံတပ်သားဖြစ်ဖို့ အင်မတန်အရေးကြီးပါတယ်။ကျနော်တို့ဟာ စစ်အာဏာရှင် ယန္တရားကို တော်လှန်ဖြိုဖျက်နေရင်း ပြည်သူလူထုနဲ့ မိမိတို့အကြား ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ထားရပါလိမ့်မယ်။ ပြည်သူ လူထု ငြိုငြင်တဲ့၊ ပြည်သူလူထု မုန်းတီးတဲ့ အရာတွေကို အထူးဂရုစိုက်ရှောင်ကျဉ်ရပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ အချင်းချင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန်လေးစားမှုတွေ မပြတ်စီးဆင်းနေဖို့လည်း လိုအပ်ပါတယ်”လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူ့တပ်ဖွဲ့တွေ အားလုံးနဲ့ စုစည်းထားတာဖြစ်တဲ့အတွက် အခုကတည်းက ညီညွတ်တဲ့ ပေါင်းစည်းမှုနဲ့ ချိတ်ဆက်ဆောင်ရွက်ကြဖို့ လိုအပ်ပြီး စစ်ကောင်စီကို တော်လှန်ရာမှာ တကျောင်း တဂါထာ၊ တရွာတပုဒ်ဆန်း ဖြစ်နေလို့ မရတော့ဘူးလို့ သူက ပြောပါတယ်။
ပြည်သူ့ခုခံတော်လှန်စစ်ဟာ ၂နှစ်တာအတွင်း ခုချိန်မှာ တန်ပြန်ထိုးစစ်အကြိုကာလကို အပြည့်အဝ ရောက်ရှိနေပြီး တန်ပြန်ထိုးစစ်အဆင့်ကို တက်လှမ်းနိုင်ရေး ဘဏ္ဍာရန်ပုံငွေနဲ့ ဗျူဟာမြောက် စစ်လက်နက် ရရှိနိုင်မှုမှာ အဓိက မူတည်နေတယ်လို့လည်း ယာယီသမ္မတက မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အားသားချက်ဖြစ်တဲ့ လေကြောင်ရန်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့နဲ့ ခုခံနိုင်ဖို့ ဗျူဟာမြောက် လက်နက်ပစ္စည်းတွေကို အလုံအလောက် ရရှိဖို့လည်း ကြိုးပမ်းနေတယ်လို့ လည်း ဆက် လက် ပြောကြားပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ နီးပါးခန့်နဲ့ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းထားနိုင်ခဲ့ပြီး ခုချိန်မှာ စစ်ကောင်စီရဲ့ အင်အားထက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အင်းအားက သာလွန်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။
ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းတွေနဲ့ ရပ်ရွာအခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေရဲ့ အင်အားအရေအတွက်ကိုတော့ ထုတ်ဖော်မပြောကြားပါဘူး။
ဒီလိုဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေ အားလုံးကိုလည်း အလေးပြုဦးညွတ်ပါတယ်လို ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီကို စစ်ရေးနည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေသလို နိုင်ငံအနှံအပြားမှာ စိုးမိုးနယ်မြေတွေလည်းတည်ဆောက်ထားနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ တပ်မတော်သား ၁၃၀၀၀ ကျော်ကိုလည်း ပြည်သူ့ရင်ခွင် ခိုလှုံနိုင်ရေး စီစဉ်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုလည်း ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာဟာ မြန်မာပြည်ရှိ တိုင်းရင်းသားများသာ ပိုင်ဆိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်က ခိုင်မာစွာ တည်ဆောက်ထားကာ စစ်ကောင်စီကို ဒီအချုပ်အခြာအာဏာ ပေးထားခြင်း မရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ပြည်သူတစ်ရပ်လုံးကိုလည်း အရှိန်မြင့်တက်လာတော့မယ့် ခုခံတော်လှန်စစ်မှာ လုံခြုံရေးသတိအပြည့်ထားပြီး ပြည်သူ့ခုခံတော်လှန်စစ်ကို ငွေအား၊ လူအားနဲ့သတင်းအချက်တွေ ပေးဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်တာ ၂နှစ်ပြည့်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကမ႓ာသိအောင်ပြဖို့ တိုက်တွန်းလိုက်ပါသေးတယ်။
‘’စစ်သည်တော်စည်းကမ်းများကို အမြဲသတိရှိ လိုက်နာကြပါ။ ဒါဟာ ငါတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကမ္ဘာက သိအောင်ပြတာပဲဖြစ်ပါတယ်။ ငါတို့ဟာ အကြမ်းဖက် စစ်တပ်ကို ရင်ဆိုင်တိုက်ထုတ်ရင် အကြမ်းဖက်လိုစိတ်တွေ မပေါ်ပေါက်ဖို့ အမြဲအသိသတိနဲ့ ဆင်ခြင်ရပါမယ်’’ လို့ သတိပေးပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဆုံမြို့နယ်မှာပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ သြဂုတ်လမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ကောင်စီသတင်းပေးဆိုပြီး ဒေသခံ ၇ ဦးကို ဥပဒေမဲ့သတ်ဖြတ်ခဲ့လို့ အမျိုးသားညီညွတ်ရေးအစိုးရက အရေးယူမယ်ဆိုပြီး မနေ့က မတ်လ ၄ ရက်က ထုတ်ပြန်ထားတာလည်းရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ရှေ့ပြေးအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂ နှစ်တာရှိလာပြီလည်း ဖြစ် ပါတယ်။
စစ်တပ်က မဲစာရင်းကိုအကြောင်းပြန်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာအာဏာသိမ်းအပြီး အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အများစုပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို အဲဒီနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာဖွဲ့စည်း ခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရကို ဧပြီလ ၁၆ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ယာယီသမ္မတခန့်အပ်တာ၊ ပြည်ထောင်စုဝန်ကြီးချုပ်ခန့်အပ်တာတွေအပြင် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနတွေဖွဲ့စည်း ထားပါတယ်။
စစ်တပ်က အာဏာသိမ်းတာကို ငြိမ်းချမ်းစွာဆန္ဒပြဆန့်ကျင်တဲ့ ပြည်သူလူထုကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် စစ်ကောင်စီကိုတွန်းလှန်ဖို့ လူငယ်လူရွယ်တွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြ သလို အမျိုးသားညီညွတ်ရေးအစိုးရဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ရရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ် ကြေညာခဲ့ပြီး ဒီနှစ် ၂၀၂၃ ခုနှစ်ကို စစ်ရေးအရ အပြောင်းအလဲဖြစ်မယ့်နှစ်ဖြစ်တယ်လို့လည်း ပြောဆိုထား ပါတယ်။